လီဗာပူးက အိမ်ရှင်မို့ ဒိုင်ကူသွားပြီး ဖိုဒန် ဂိုး မရခဲ့တာ၊ စီးတီး ရှုံးခဲ့ရတာ လို့ ပွဲ အပြီးမှာ ဂွာဒီယိုလာ ပေါက်ကွဲ

မန်ချက်စတာ စီးတီးရဲ့ နည်းပြ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးကို အဝေးကွင်းမှာ ၁-၀ နဲ့ အရှုံးပေးခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ အိမ်ရှင် လီဗာပူးကို ဘက်လိုက်မှုတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ စွပ်စွဲသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် အဓိကပြိုင်ဘက် လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် နှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် သိပ်မရှိခဲ့ပဲ တန်ပြန်တိုက်စစ် ကနေ တဆင့် ပေးလိုက်ရတဲ့ ဆာလာရဲ့ သွင်းဂိုးကြောင့် ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။

လီဗာပူး ၁-၀ မန်ချက်စတာ စီးတီးပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ခြေစွမ်းပိုင်းအရ အနည်းငယ် အသာစီး ရခဲ့ပေမယ့် လီဗာပူး ဂိုးသမား အယ်လီဆန်ရဲ့ အံ့မခန်းလက်စွမ်းကြောင့် သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန် ၅၃မိနစ်မှာ လူငယ်ကြယ်ပွင့် ဖိုဒန်က သွင်းဂိုး ၁ဂိုး သွင်းယူပေးခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်တိုနီ တေလာ ကတော့ မန်ချက်စတာ စီးတီးရဲ့ သွင်းဂိုးကို ခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဖိုဒန်ရဲ့ သွင်းဂိုးမှာ မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဟာလန်းက လီဗာပူး ကွင်းလယ်လူ ဖာဘင်ဟိုအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သလို ဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် တေလာက မန်ချက်စတာ စီးတီးရဲ့ သွင်းဂိုးကို ပြစ်ဒဏ်ဘော အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့တာပါ။

ဒါပေမယ့် ဂွာဒီယိုလာကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု မရှိပဲ တေလာဟာ အိမ်ရှင် လီဗာပူးကို ကူညီခဲ့တာ ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကွင်းထဲမှာ ပြစ်ဒဏ်ဘော အသေးစားတွေ တောက်လျှောက် ဖြစ်ခဲ့တုန်းက ကွင်းလယ်ဒိုင်ဟာ ကျွန်တော်တို့ဆီ လာပြီးတော့ ဆက်ကစားလို့ ရတဲ့ ပြစ်ဒဏ်ဘောတွေ ဆိုရင် ဆက်ကစားခိုင်းထားမယ်လို့ လာပြောခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့လည်း ဂိုးသွင်းလိုက်ရော ကွင်းလယ်ဒိုင်က ဒါဟာ ပြစ်ဒဏ်ဘောပါ ဆိုပြီး လုပ်ပါတော့တယ်။ အများကြီးတော့ မပြောချင်ပါဘူး။ ခင်ဗျားတို့လည်း သိပါတယ်။ ဒီကွင်းက အန်ဖီးလ်ကွင်းလေ” လို့ တေလာရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဝေဖန်သွားခဲ့တာပါ။