အာဆင်နယ် ဘယ်အချိန် အမှတ်ပေးဇယား ထိပ်ကနေ ပြုတ်ကျလာမလဲ ဟောကိန်း ထုတ်လိုက်တဲ့ နဗီးလ်

မန်ချက်စတာ ဂန္ထဝင်ကစားသမား ဂယ်ရီ နဗီးလ်ကတော့ ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ မမျှော်လင့်နဲ့ လို့ ဆိုလာခဲ့ပြီး အမှတ်ပေးဇယား ထိပ်ကနေ ဘယ်အချိန် ပြန်ကျလာမလဲ ဆိုတာကိုပါ သုံးသပ် ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အဆင့် ၁ နေရာမှာ အာဆင်နယ် ရှိနေပေမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးတဲ့နောက် ဂန်းနားတို့ ထိပ်ဆုံးကနေ ပြုတ်ကျလာလိမ့်မယ်လို့ နဗီးလ်က ဟောကိန်း ထုတ်ခဲ့တာပါ။

အာဆင်နယ် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမိးယားလိဂ်ပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် ၄ မှတ် ဖြတ်ထားနိုင်ကာ အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေနိုင်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နဗီးလ်ရဲ့အမြင်မှာတော့ အာဆင်နယ်အသင်းဟာ အထင်ကြီးလေးစားစရာ အဆင့်မဟုတ်သေးဘဲ ကမ္ဘာ့ဖလားအလွန် ပွဲစဉ်တွေမှာ မန်ယူ၊ စပါးနဲ့ နယူးကာဆယ်အသင်းတို့ဟာ အာဆင်နယ်အသင်းကို ဆွဲချ သွားလိမ့်မယ် လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“သူတို့ (အာဆင်နယ်အသင်း) လက်ရှိအချိန်မှာ ပုံစံကောင်းတွေ ရနေပေမဲ့ ဒါဟာ ခဏတာပါပဲ။ ဒီနှစ်ရာသီ ချန်ပီယံဆိုကိုတော့ မန်စီးတီးအသင်းပဲ ရရှိသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအလွန်ပွဲစဉ်တွေမှာ အာဆင်နယ်ဟာ မန်ယူ၊ စပါး၊ နယူးကာဆယ်အသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။”

“ဒီအချိန်မှာ သူတို့အနေနဲ့ သေချာပေါက် ရုန်းကန်ရမှာဖြစ်ပြီး ထိပ်ဆုံးနေရာကနေ ပြန်လည်ဆင်းလာပြီး နေရာမှန်ကို ပြန်ရောက်သွားပါလိမ့်မယ်။ ချန်ပီယံဆုအတွက် သူတို့ စိန်‌ခေါ်နိုင်စွမ်း မရှိသေးတာ အသေအချာပါပဲ။” လို့ ဂယ်ရီ နဗီးလ်က ဆိုခဲ့တာပါ။

နဗီးလ်ရဲ့အမြင်ကို အခြား မန်ယူဂန္ထဝင်ကစားသမားဖြစ်သူ ရွိုင် ကင်းန်ကလည်း ထောက်ခံခဲ့ပြီး မန်စီးတီးအသင်းဟာ အင်အားတောင့်တင်းလွန်းတာကြောင့် ဒီနှစ်ရာသီ ချန်ပီယံဆုကို ရယူသွားလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးကြယ်ပွင့်‌‌ဟောင်း မီကာ ရစ်ချက်စ်ကတော့ သူတို့အမြင်နဲ့ မတူဘဲ အာဆင်နယ်အသင်းမှာ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ ဆိုလိုက်ပါတယ်။

“အာဆင်နယ်အသင်းဟာ အရန်အင်အား မလုံလောက်ပေမဲ့လည်း ဒီနှစ်ရာသီ ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေပါတယ်။ အရင်ရာသီက အာဆင်နယ်နဲ့မတူဘဲ သူတို့ဟာ လုံးဝ ကွဲပြားခြားနားနေပါပြီ။ ဒါပေမဲ့လည်း ပါ‌တေး၊ ဂျေးဇု၊ အော်ဒီဂွါဒ်တို့လို ကစားသမားတွေ ဒဏ်ရာ ကင်းစင်နေဖို့တော့ လိုအပ်ပါလိမ့်မယ်။” လို့ ရစ်ချက်စ်က ပြောဆိုခဲ့ ပါတယ်။