ဂန်းနားတို့ အတွက် သရဲနီဟောင်း ၃ဦး ခန့်မှန်းမှုများ၊ ကံကောင်းလို့ ဆိုတဲ့ အာတီတာ၊ လက်စွမ်းပြတဲ့ ရမ်ဒယ်စ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ် အသင်းဟာ တနင်္ဂနွေနေ့က လိဒ်စ် ယူနိုက်တက် ကို နိုင်ခဲ့ပြီး တဖက်မှာ မန်စီးတီးက လီဗာပူးကို ရှုံးခဲ့တာကြောင့် အမှတ်ပေးဇယားမှာ မန်စီးတီးကို ၄ မှတ်ထိ ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သရဲနီဟောင်း ၂ဦး ဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းကတော့ အာဆင်နယ် က မန်စီးတီးကို အမှတ် ပို ဖြတ်နိုင်လိုက် ပေမယ့် အချိန်တန်ရင် မန်စီးတီးပဲ ချန်ပီယံ ဖြစ်သွားမယ်လို့ စကိုင်းစပေါ့မှာ သုံးသပ် သွားကြပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးတို့ ရှုံးပွဲကြုံလိုက်ရပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ရဲ့ ရွှေဖလားပိုင်ရှင်အသင်းဟာ အာဆင်နယ် တစ်သင်းတည်းပဲ ရှိနေအုံးမယ်ဆိုတာ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်ကတော့ အာဆင်နယ်ဟာ ၂၀၁၆ ခုနှစ်တုန်းက ပထမဆုံးနဲ့ တစ်လုံးတည်းသော ပရီးမီးယားလိဂ်ဖလားကို အံ့အားသင့်ဖွယ် ရယူနိုင်ခဲ့တဲ့ လက်စတာစီးတီးလိုမျိုး လုပ်ပြနိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြားခဲ့ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ သူတို့အသင်းဟာ လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ ခြေစွမ်းပိုင်းအရ အားရစရာ အနေအထား တရပ်မှာ မရှိခဲ့ပဲ ကံကူခဲ့လို့သာ အနိုင်ရသွားခဲ့တာပါလို့ ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

လိဒ်နဲ့ပွဲမှာ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ်တစ်ယောက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး ပွဲအပြီးမှာ အာတီတာက အင်္ဂလန်သားရဲ့လက်စွမ်းကို ချီးကျူးပြောကြားခဲ့ပါတယ်။
လိဒ်ယူနိုက်တက်အသင်းနည်းပြ ဂျက်စီမာ့ချ်က အာဆင်နယ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် သူတို့အသင်းက အာဆင်နယ်ထက် ပိုကောင်းခဲ့တယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ လိဒ်ယူနိုက်တက်ကို ဆာကာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမိနစ်တွေမှာ လိဒ်ရဲ့ ဖိအားပေးမှုကို ဆက်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူး အူဘာမီးယန်းက သူအနေနဲ့ လန်ဒန်ကလပ်ကို ပြောင်းရွှေ့ခဲ့တာကြောင့် အာဆင်နယ် အသင်းဖော်ဟောင်း လာကာဇက်တီအနေနဲ့ မယုံ ကြည်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။