စာချုပ်သစ် ကမ်းလှမ်းမှုမှာ လစာ နည်းလွန်းလို့ ဂျော်ဂျင်ဟို က ငြင်းထားပြီး ကွီတာလောက်တော့ ပေးဖို့ တောင်းဆို
လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကတော့ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု တစ်ရပ်ကို ငြင်းဆန်သွားခဲ့ပြီး တစ်ပတ်ကို ပေါင် ၁သိန်းခွဲ အထိ အလိုရှိတယ်လို့ တောင်းဆိုသွားခဲ့ပါတယ်။
အီတလီ လက်ရွေးစင် ကစားသမား အနေနဲ့ နည်းပြသစ် ဂရေဟမ်ပေါ်တာလက်အောက်မှာ ခြေစွမ်းပိုင်းတွေ ပိုမို တည်ငြိမ်လာခဲ့ပေမယ့်လည်း သူရဲ့ လက်ရှိစာချုပ်က လာမယ့်နှစ် ဇူလိုင်လထဲမှာပဲ သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးကသာ သက်တမ်း မတိုးနိုင်ရင် ဂျော်ဂျင်ဟိုဟာ လာမယ့် ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ပြင်ပ ကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကိုပါ တရားဝင်ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဂျော်ဂျင်ဟိုအနေနဲ့ လက်ရှိမှာ အသင်းပြောင်းဖို့ထက် ချဲလ်ဆီးအသင်းမှာသာ ဆက်လက် ရှိနေချင်တာဖြစ်ပြီး အသင်း ကလည်း ဂျော်ဂျင်ဟိုကို ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် စာချုပ်သစ် ကမ်းလှမ်းမှုဟာ ကစားသမား ကျေနပ် လောက်တဲ့ လစာ မဟုတ်တာကြောင့် အခုလို ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာလို့လည်း သိရပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ဂျော်ဂျင်ဟို ကို တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀နဲ့ စာချုပ်သစ် ချုပ်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး ဂျော်ဂျင်ဟို ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး အသင်းခေါင်းဆောင် အက်ဇီပလီကွစ်တာ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ အတိုင်း ရရှိမှသာ စာချုပ်သစ်ကို လက်ခံမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။