နည်းပြ တန်ဟက်ရဲ့ တမင် အရှက်ခွဲတယ် လို့ စွပ်စွဲချက်၊ ပေါင် ၁ သန်း ဒဏ်ရိုက်ခံရဦးမယ့် ရော်နယ်ဒို
ပြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ စပါးအသင်းကို ၂-၀ မရှိနဲ့ အနိူင် ရရှိခဲ့တဲ့ ပွဲမှာ မန်ယူအသင်း ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ရော်နယ်ဒိုကသာ သတင်း ခေါင်းစီးပိုင်းတွေမှာ တာဝန်ယူခဲ့ပါတယ်။ ရော်နယ်ဒို က ပွဲ မပြီးခင် အဝတ်လဲခန်းကို ဝင်ရောက်သွားခဲ့တာ ကြောင့် သူ့ အပြုအမှုက ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒို အား အားကစား ကလောင်ရှင်တော်တော်များများကတော့ ဝေဖန်ပြစ်တင်ခဲ့ပေမယ့် ပီရက်စ် မော်ဂန် ကတော့ သူ့ဘက်ကနေ ကာကွယ်ခဲ့ပါတယ်။ မော်ဂန်ကတော့ တန်ဟက် က ရော်နယ်ဒို ကို သွေးပူလေ့ကျင့်ခန်း မကြာခဏ ဆိုသလို လုပ်ခိုင်းပြီး ထည့်သွင်း မကစားတာက သူ့ကို အရှက်ခွဲတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။

မော်ဂန်ကတော့ ‘တန်ဟက် အနေနဲ့ ရော်နယ်ဒိုကို အရှက်ခွဲတာ ကျေနပ်နှစ်သက်နေတဲ့ ပုံပဲ။ သူ့ အပြုအမူကတော့ သနားစရာကောင်းလောက်အောင် အသုံးမကျတဲ့ လူဆိုတာ ပြသနေတာပဲ။
ကမ္ဘာ့ အကောင်းဆုံး ဘောလုံး ကစားသမားကို အရန်ခုံပေါ်ထိုင်ခိုင်းပြီး လူစားတောင် မလဲပဲ မကြာခဏ သွေးပူ လေ့ကျင့်ခန်း လုပ်ခိုင်းတာကတော့ မန်ယူအသင်းရဲ့ မနှစ်က ဂိုးအများဆုံးသွင်းတဲ့ ကစားသမားကို လုံး၀ မလေးစားရာ ရောက်ပါတယ်။’ ဆိုပြီး ဝေဖန်ပြစ်တင်ခဲ့တာပါ။
ရော်နယ်ဒို ရဲ့ အပြုအမှု အတွက် အခုချိန်မှာတော့ မန်ယူအသင်းက သူ့ကို သူ့ အပြုအမှု အတွက် ပေါင် ၁ သန်း ဒဏ်တပ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
နည်းပြ တန်ဟက် ကတော့ ရော်နယ်ဒို လူသိရှင်ကြား ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပေမယ့် သူကတော့ ‘ရော်နယ်ဒို အနေနဲ့ စနေမှာ ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ အသင်းသား အားလုံးကတော့ ချဲလ်ဆီး အသင်းနဲ့ ပွဲအတွက် အာရုံစိုက်နေကြပါပြီ။’ လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။