ဒီည စတန်းဖို့ဘရစ်ချ် က ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားများ
ဒီတပတ် ပရီးမီးယားလိဂ် မှာတော့ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ပွဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာမှာပါ။ ဒီနှစ်သင်းဟာ ဒီစနေနေ့ည ၁၁ နာရီ စတန်းဖို့ဘရစ်ချ် ကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ပွဲ အဖြေ အပေါ် သက်ရောက်မှု ကြီးကြီးမားမား လုပ်ပြနိုင်ပြီး စောင့်ကြည့်သင့်တဲ့ ကစားသမား ၅ ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။
၅ ။ မေဆင်မောင့် ( ချဲလ်ဆီး )
ဂရေဟမ် ပေါ်တာ လက်ထဲမှာ အတောက်ပဆုံး ချဲလ်ဆီး ကစားသမား ကတော့ မေဆင် မောင့် ပဲ ဖြစ်မှာပါ။ နည်းပြ အပြောင်းအလဲ လုပ်အပြီးမှာ တောက်လျောက် ပုံစံကောင်းတွေပြ ၊ ဂိုးတွေ သွင်းနေတဲ့ မောင့် ဟာ ဒီပွဲမှာ ယူနိုက်တက် ခံစစ်ကြောင်းကို အဓိက ခြိမ်းခြောက်မယ့် အပြာရောင် တပ်သား ဖြစ်လာမှာပါ။
လမ်းပတ် ရဲ့ ဂိုးသွင်း စံချိန်တခုကို မကြာသေးခင်ကမှ လိုက်မီ ထားတဲ့ မေဆင်မောင့် အနေနဲ့ ဒီညမှာ ဘယ်လောက်ထိ တောက်ပ နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

၄ ။ ဘရူနို ဖာနန်ဒက်စ် ( မန်ယူနိုက်တက် )
ဖာနန်ဒက်စ် တယောက် ပြီးခဲ့တဲ့ စပါး နဲ့ ပွဲမှာ ဂိုးပြန်သွင်းပြီး သူ့ရဲ့ ဂိုးပေါက် ပျောက်မှုကို အဆုံးသတ်ခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ဒီရာသီမှာ သွင်းဂိုး နဲ့ ဖန်တီးမှု အပိုင်းမှာ အားရစရာ မရှိသေးပေမယ့် တန်ဟတ် ရဲ့ အသင်းမှာတော့ လုပ်အားနှုန်း ကောင်းသူ တယောက် အဖြစ် ရှိနေခဲ့ပါတယ်။
၃ ။ အန်တိုနီ ( မန်ယူနိုက်တက် )
ဒီရာသီကမှ ယူနိုက်တက် ကို ရောက်လာတဲ့ အန်တိုနီ ဟာ အသင်းရဲ့ ညာတောင်ပံမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိလာခဲ့ ပါတယ် ။ အသင်းသစ်နဲ့ စကစားရတဲ့ပွဲမှာ ဂိုးစသွင်းပြီး ၃ ပွဲဆက်တိုက် ဂိုးရယူ နိုင်ခဲ့တဲ့ ဘရာဇီးသား ဟာ စပါးနဲ့ ပွဲမှာလည်း အတွင်းချိုးဝင် ကန်ချက်တွေနဲ့ ဟူဂိုလိုရစ် ကို အလုပ်ပေးနိုင်ခဲ့ ပါတယ်။ ဒီတပွဲမှာရော အန်တိုနီ ဘယ်လို လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

၂ ။ ကီပါ ( ချဲလ်ဆီး )
ပေါ်တာ လက်ထက် ချဲလ်ဆီး အကြောင်း ပြောမယ်ဆိုရင် စပိန်ဂိုးသမားလေး ကီပါ ရဲ့ အကြောင်းကို ချန်လှပ် ထားလို့ လုံး၀ မရပါဘူး။ အခု နောက်ပိုင်းပွဲတွေမှာ ချဲလ်ဆီး ကို ဂိုးမပေးရအောင် အဓိက စွမ်းဆောင်ခဲ့သူ ၊ အားလုံးက အံ့အားသင့် လောက်အောင် လက်စွမ်းတွေ ပြနေသူကတော့ ကီပါ ပါပဲ။
ဘရန့်ဖိုဒ့် နဲ့ ပွဲအပြီးမှာ ချဲလ်ဆီး အတွက် Clean sheet ပွဲ ၅၀ ပြည့်ခဲ့တဲ့ ကီပါ တယောက် ဒီညမှာ ၅၁ ပွဲ ဖြစ်အောင် စွမ်းဆောင်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
၁ ။ မားကပ် ရက်ဖိုဒ့် ( မန်ချက်စတာ ယူနိုက်တက် )

အန်တိုနီ မာရှယ် ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့ မပါဖို့ သေချာနေတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ တိုက်စစ်ကို ဦးဆောင်လာမယ့် သူက တယောက်ပဲ ရှိပါတော့တယ်။ အဲ့ဒိလူက မားကပ် ရက်ဖိုဒ့် ပါပဲ။
ဒီရာသီ မှာ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီး ၃ ဂိုးသွင်း ၂ ဂိုး ဖန်တီးထားတဲ့ ရက်ဖိုဒ့် ဟာ သူ့ရဲ့ လျှင်မြန်မှု ၊ အားပါတဲ့ ကန်ချက်တွေ နဲ့ ပြိုင်ဘက် ဂိုးသမား နဲ့ ခံစစ်တွေကို ခြိမ်းခြောက် ထားနိုင်သူပါ။
စပါး နဲ့ ပွဲတုန်းကလည်း လိုရစ် လက်စွမ်းပြခဲ့လို့သာ ရက်ဖိုဒ့် ရဲ့ ကန်ချက်တွေကို ဂိုးမဖြစ်စေခဲ့တာပါ။ ချဲလ်ဆီး နဲ့ ဆိုရင် ပုံစံကောင်း ရတဲ့သူ တယောက်လည်း ဖြစ်ပါတယ် ။ ဒီညမှာတော့ ပရဟိတ မင်းသားကြီး ရက်ဖို့ဒ် ရဲ့ ခြေစွမ်းကို စောင့်ကြည့်ရမှာပါ။