အာဆင်နယ်က ခေါ်ရင် ငြင်းလိုက်ဖို့ ပဲလေ့စ် တိုက်စစ်သမား ဇာဟာ အား ပေါမာဆင် အံ့ဖွယ် တိုက်တွန်း
အာဆင်နယ် ကစားသမားဟောင်းကြီး ပေါမာဆင် ကတော့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာအနေနဲ့ ဒီတကြိမ်မှာ အာဆင်နယ်အသင်းဆီက ကမ်းလှမ်းမှုရလာခဲ့ရင် ငြင်းဆန်သွားသင့်တယ်လို့ အံ့အားသင့်ဖွယ် တိုက်တွန်းလိုက်ပါတယ်။
ဒီရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အိုက်ဗရီကို့စ်သားဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာတော့မယ်ဆိုပြီး အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေသလို ထိပ်တန်းကလပ်အသင်းအချို့ကလည်း စိတ်ဝင်စားမှု ရှိနေကြပါတယ်။
အသက် ၂၉ နှစ်အရွယ် ဇာဟာ ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ အာဆင်နယ်က တောက်လျောက် ပါဝင်နေခဲ့တာပါ။ အရင်ဈေးကွက်တွေတုန်းက အာဆင်နယ်အသင်းက ချဉ်းကပ်ခဲ့ပေမဲ့ ပဲလေ့စ်ရဲ့ ခေါ်ဈေးကြီးမားခဲ့တဲ့အပြင် အတင်း ဆက်လက်ထိန်းသိမ်းခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။
ဇာဟာအနေနဲ့ ဇန်နဝါရီလ ကစပြီး ဆန်ဟာ့စ်ပါ့ခ်ကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာဖို့ စတင် ပြင်ဆင်ပြီး အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ တရားဝင် ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။
“ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အပတ်စဉ်တိုင်း ကစားခွင့် ရနေသူ ဖြစ်ပါတယ်။ ကစားပုံ ဆိုးရွားတဲ့ ပွဲတွေလည်း ရှိနိုင်ပေမဲ့ ပွဲထွက်လူစာရင်းရဲ့ နေရာတနေရာကိုတော့ အပိုင်သိမ်းထားနိုင်ပါတယ်။ ဒါပေမဲ့လည်း အာဆင်နယ် လို ထိပ်တန်း ၆ သင်းစာရင်းဝင် အသင်းမျိုးမှာ ဒီလိုမျိုး အခွင့်အရေး မရနိုင်ပါဘူး။”
“ဒါကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဇာဟာအနေနဲ့ သူ့ရဲ့ ရွေးချယ်မှုတွေကို သေသေချာချာလေး စဉ်းစားစေလိုပါတယ်။ သူဟာ ပဲလေ့စ်ရဲ့ ဂန္ထဝင်ဖြစ်ပြီး နည်းပြကလည်း သူ့ကို ချစ်ပါတယ်။ အာဆင်နယ် အသင်းကတော့ ဒီအချိန်မှာ သူ့ကို ခေါ်မယ်ဆိုတာ ဖြစ်နိုင်ခြေ နည်းပါတယ်။”
“ဒါပေမဲ့လည်း အာဆင်နယ်ကိုသာ သွားမယ်ဆိုရင် သူဟာ ကလပ်အသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်ပါ့မလား။ အလွတ်နဲ့ ပြောင်းမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ဖိအားလည်း မရှိတာကြောင့် အာဆင်နယ်အနေနဲ့ သက်တောင့်သက်သာပဲ အသုံးပြုခွင့် ရသွားနိုင်တယ်လေ။”
“ကစားရတဲ့အပတ်တွေရှိသလို အရန်ခုံထိုင်ရတဲ့အပတ်တွေလည်း ရှိလာမှာပါ။ ဒီလိုအချိန်မှာ ဇာဟာအနေနဲ့ ရောက်လာမဲ့ ကမ်းလှမ်းမှုတွေကို သေသေချာချာလေး စဉ်းစားဖို့ လိုအပ်ပါတယ်။ အာဆင်နယ်ကို မသွားသင့်ပါဘူး။” လို့ ပေါမာဆင် က ပြောကြားသွားခဲ့ပါတယ်။