စွဲလမ်းနေတဲ့ တီယာနေး၊ ချာကာ ဂိုး ကို အံ့သြခဲ့တဲ့ တမ်နာ၊ ဒီညပွဲ ပါနိုင်တဲ့ ဂန်းနား ၂ဦးနဲ့ ယနေ့ နံနက်ခင်း အာဆင်နယ် သတင်းများ

အာဆင်နယ်အသင်းရဲ့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် လူစာရင်းမှာ နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကို ပြန်ပါနိုင်ဖို့ မသေချာသေးပေမယ့် တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဘူကာယို ဆာကာနဲ့ ဂါဘရီယယ်လ် မာတီနယ်လီတို့ ပါဝင်နိုင်ဖို့ ရှိနေကြောင်း နည်းပြ မီခယ်လ် အာတီတာ ထုတ်ဖော်ပြောကြားထားပါတယ်။

ဆောက်သမ်တန်ရဲ့ ခံစစ်မှာ အားထားရတဲ့ အဓိက ကစားသမား အာမယ်လ် ဘယ်လာ-ကော့ချက်ပ်တို့ ဒီညပွဲ ပါဝင်နိုင်ဖို့ မရှိဘဲ လွဲချော်ဦးမှာဖြစ်ပြီး ပုံမှန်ပွဲထွက်လေ့ရှိတဲ့ တောင်ပံခံစစ်မှူး ခိုင်လ် ဝေါ်လ်ကာ-ပီတာစ်လည်း ကြံ့ခိုင်မှု အခြေအနေကြောင့် မသေချာသေးကြောင်း သိရပါတယ်။

နောက်နှစ် နွေရာသီမှာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး အသင်းက ထွက်ခွာဖို့ သတင်းပြေးနေတဲ့ တောင်ပံကစားသမား ဝီလ်ဖရီးဒ် ဇာဟာကို ခေါ်ယူဖို့ အာဆင်နယ်ဘက်က စိတ်ဝင်စားနေပြီး ၂၉ နှစ်သားအတွက် ဆောင်းရာသီမှာ ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူရရှိနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆင်ကတော့ ဇာဟာ အနေနဲ့ အာဆင်နယ် ကမ်းလှမ်းလာရင်တောင် ငြင်းဆန် ပယ်ချသင့်ကြောင်း၊ အာဆင်နယ်မှာ ပွဲထွက် ဦးစားပေး နေရာ ရမှာ မဟုတ်ကြောင်း ထောက်ပြ သတိပေးလိုက်ပါတယ်။

အာဆင်နယ် ဂိုးသမားသစ် မတ် တမ်နာက ပြီးခဲ့တဲ့ ယူရိုပါလိဂ် ပီအက်စ်ဗီနဲ့ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာတစ်ယောက် ဒီလိုမျိုး ဂိုးသွင်းတာ တစ်ခါမှ မမြင်ဖူးဘူးလို့ ညာခြေနဲ့ သွင်းယူခဲ့တာ ရှားပါးကြောင်းကို ပြောကြားလိုက်ပြီး အဲ့ဒီခြေထောက်က ကွင်းထဲ ရပ်ဖို့ပဲ သုံးတယ် မှတ်နေတာလို့ ဟာသလုပ်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ ခေါင်းရှုပ်စရာတွေ ကြုံလာရတိုင်း သွေးအေးအေးနဲ့ ပြတ်ပြတ်သားသား ဖြေရှင်းလေ့ရှိတဲ့ နည်းပြ အာတီတာက သူ့အနေနဲ့ ကောင်းကောင်း အိပ်ပျော်ဖို့ ကြိုးစားလေ့ရှိပြီး အားလပ်ချိန်တွေမှ တရားထိုင်လေ့ရှိကြောင်း အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

နောက်ခံလူ ကီရန် တီယာနေးက အသင်းက ကစားသမားတွေရဲ့ နိုင်လိုစိတ်ကို ချီးကျူးလိုက်ပြီး သူ့ရဲ့ အသင်းဖော်တွေအားလုံးက အခုလိုမျိုး တစ်ပွဲပြီးတစ်ပွဲ အနိုင်ရနေတဲ့အပေါ်မှာ စွဲလမ်းနေပြီဖြစ်ကြောင်း ဆောက်သမ်တန်နဲ့ ပွဲမတိုင်ခင် ထုတ်ဖော်သွားခဲ့ပါတယ်။

ဒီရာသီမှာ ကစားခွင့် မရသေးတာအတွက် စိတ်ပျက်မိတယ်လို့ နောက်ခံလူ ဆီဒရစ် က ထုတ်ဖော်ပြောကြားလိုက်ပြီး အသင်းရဲ့ ညာနောက်ခံနေရာမှာ အသက် ၃၁ နှစ်အရွယ် ပေါ်တူဂီသားတင် မဟုတ်ဘဲ ဂျပန်သား တာကဲဟီရို တိုမီယာစုကပါ ဒုတိယ ဦးစားပေး ဖြစ်နေတာကြောင့် ဘန်ဝှိုက်နောက်မှာ ကစားရဖို့ မလွယ်ဘူး ဖြစ်နေပါတယ်။