ဘောလုံးလောက အကောင်းဆုံးတွေ အကြောင်း ပြောရာမှာ ဒိုလေးကို ချန်ထားခဲ့တဲ့ ဒိုကြီး

ဘရာဇီးဘောလုံးလောကရဲ့ မဟာ ဂန္တဝင် တစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒို – ဒိုကြီး ဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတွေ အကြောင်း ဆွေးနွေးခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး စီရော်နယ်ဒိုရဲ့နာမည်ကို ထည့်မပြောခဲ့ပါဘူး။

ရော်နယ်ဒိုဟာ ဘောလုံးရဲ့အကြီးကျယ်ဆုံး ကစားသမားအချို့ပါဝင်တဲ့ စပယ်ရှယ် အဖွဲ့တစ်ခုအကြောင်း ပြောခဲ့ပေမယ့် Ballon d’Or ၅ ဆုရှင် စီရော်နယ်ဒိုကို ချန်ခဲ့တာပါ။

လက်ရှိမှာလည်း စီရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ပြသနာတွေနဲ့ရင်ဆိုင်နေရပြီး စပါးနဲ့ပွဲမှာ လူစားဝင်ဖို့ ငြင်းခဲ့လို့ ပထမအသင်းနဲ့အတူ လေ့ကျင့်ခွင့် မရ ဖြစ်နေပါတယ်။

ရော်နယ်ဒိုကြီးဟာ အင်္ဂလန်က ဂါးဒီးယန်း သတင်းစာနဲ့ အင်တာဗျူးမှာ ဘယ်သူတွေက သူ့ရဲ့သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေလဲ ဆိုတာကို ဖွင့်ဟခဲ့တာပါ။

”မာရာဒိုနာ၊ မက်ဆီ၊ ဂျိုဟန်ခရိုက်ဖ်၊ ဘက်ကင်ဘောင်ဝါ၊ ပီလီ၊ ဗန်ဘတ်စတင်နဲ့ ရော်နယ်ဒင်ဟိုတို့ပါတဲ့ အရမ်း အရမ်းကို ထူးရှယ် အုပ်စု တစ်ခု ရှိနေတယ်လို့ ထင်ပါတယ်။ အဲဒီထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ထည့်သွင်းမှာပါ။

ငြင်းခုန်ကြမှာက ပရိသတ်တွေရဲ့ အပိုင်းပေါ့ဗျာ။ ဒါပေမဲ့ သူတို့ကို အဆင့်ဆီလို့ မရနိုင်သလို မျိုးဆက်တွေကို နှိုင်းယှဉ်လို့လည်း မရနိုပါဘူး”လို့ ရော်နယ်ဒိုကြီး ကပြောခဲ့ပါတယ်။

ရော်နယ်ဒိုကြီးဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ယောက်လို့ သတ်မှတ်ခံထားရသူဖြစ်ပြီး သူ့ရဲ့ တဖိတ်ဖိတ်တောက် ကစားသမားဘဝမှာ Ballon d’Or ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်ရခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ်ဖြစ်တဲ့ ၁၉၉၇ မှာ သူ့ရဲ့ပထမဆုံး Ballon d’Or ဆုကို ရရှိခဲ့ပြီး ဆုပေးပွဲသမိုင်းမှာ အသက်အငယ်ဆုံး ဆုရသူ အဖြစ် အခုချိန်ထိ စံချိန်တင်ထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ကစားသမားဘဝဟာ ဒူးဒဏ်ရာတွေကြောင့် မရှည်ကြာခဲ့ဘဲ ကစားသမားဘဝ သွင်းဂိုး ၄၀၀ ကျော်နဲ့ ၂၀၁၁ မှာ အနားယူခဲ့ရတာပါ။