ဆောက်သမ်တန် ကို သရေကျသွားတာက ရှုံးသွားသလိုပဲ ခံစားနေရကြောင်း ဂျေးဆု မကျေမချမ်း ဖွင့်ဟ

မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ်က ဆောက်သမ်တန် အသင်းကို ၁-ဝ နဲ့ ဦးဆောင်နေပြီးခါမှ ချေပဂိုး ပြန်ပေးခဲ့ရပြီး သရေ ရလဒ် နဲ့ ကျေနပ် ခဲ့ရတဲ့ အပေါ် အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆု က အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ပုံစံကောင်း ပြသပြီး ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ အာဆင်နယ် အသင်းရဲ့ ကစားပုံဟာ ဆိုးရွားခဲ့ပြီး ဆောက်သမ်တန် အသင်းရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြု ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဂျေးဆု က ” ဒီနေ့ပွဲကို ရှုံးသွား ခဲ့သလိုမျိုးကို ခံစားနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပထမပိုင်းမှာ ကစားပုံလည်း ကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီး နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ အဆင့်အတန်း က ကျဆင်း သွားခဲ့ပါတယ်။ ”

” လိဒ် နဲ့ ပွဲမှာ ဖြစ်ပျက်သွားခဲ့တာနဲ့ အနည်းငယ် ဆင်တူပါတယ်၊ ကျွန်တော် တို့ အနေနဲ့ ပါးနပ်ဖို့ လိုအပ်သလို ဘာတွေ မှားနေသလဲ ဆိုတာလည်း သိဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အခုထက် တိုးတက် ကောင်းမွန်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ ရာသီ အစမှာ ပြသခဲ့တဲ့ အဆင့်အတန်းမျိုး ပြန်လည် ပြသ နိုင်ဖို့ ကြိုးစားရမှာပါ။ ”

” တစ်ချို့ ကစားသမားတွေ အတွက် က ပြန်ကောင်းဖို့ အချိန် အနည်းငယ် ပိုယူရပါတယ်။ ဒါပေမယ့် ကျွန်တော် ရှေ့မှာ ပြောခဲ့သလိုပဲ ကွင်းအတွင်းမှာ အာရုံ စူးစိုက်မှု အပြည့်နဲ့ ကစား နိုင်ဖို့ လိုပါတယ်၊ အရင်ပွဲတွေလိုပဲ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဘောလုံး က ဂိုးပိုက်ထဲ မရောက်ခဲ့ပါဘူး၊ ဒီနေ့လည်း အဲ့ဒီလို ထပ်ဖြစ်ခဲ့ပါတယ်၊ အခု အချိန်က ပြင်ဆင်ရမယ့် အရာတွေကို သိရှိပြီး ပြန်လာ နိုင်အောင် ကြိုးစားရမယ့် အချိန်အခါပါပဲ။ ”

” ကျွန်တော်တို့ ကိုယ့် အဆင့်အတန်းကို တစ်ဖန် ပြန်မြှင့်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ တစ်ဦးချင်းရော အသင်းလိုက်ရောပေါ့ဗျာ။ ကျွန်တော်တို့ ဒီထက်အာရုံ ပိုစိုက်ရပါမယ်၊ ဒီနေ့တော့ အိမ်ကို စိတ်ပျက်လက်ပျက် နဲ့ ပြန်ရတာပေ့ါလေ၊ ကျွန်တော်တို့ ဂိုးတွေ ပိုသွင်းပြီး အနိုင် ရခဲ့သင့်ပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။