မန်စီးတီးကို ငြင်းပယ်သူ၊ တိုက်စစ်မှူးသစ် ချိန်နေတဲ့ ကလော့ပ်နဲ့ နံနက်ခင်း သတင်းများ

PSG အသင်းနည်းပြ ပိုချက်တီနိုက လိုင်လီအသင်းနှင့်ပွဲတွင် မက်ဆီအား ပထမပိုင်းအပြီးမှာပင် လူစားလဲခဲ့ခြင်းမှာ ဒဏ်ရာမရစေရန် ကြိုတင်ကာကွယ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးတို့ ဟာဗက်ဇ်ကြောင့် ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကိုတော့ ဟက်ထရစ်ရမယ့် ရီစီဂျိမ်းစ် မကန်ခဲ့ဘဲ ပုံမှန်ကန်သွင်းနေကျ ဂျော်ဂျင်ဟိုကပဲ ကန်သွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာ ဂျော်ဂျင်ဟိုက ရီစီဂျိမ်းစ်က ပင်နယ်တီကန်ခွင့် မတောင်းခဲ့တာကြောင့် ပုံမှန်အတိုင်း သူပဲ တာဝန်ယူ ကန်ခဲ့တာပါလို့ ဆိုပါတယ်။

လာလီဂါ ပွဲစဉ်မှာ ကွင်းအတွင်း အမောဖောက်၊ အသက်ရှု ခက်ခဲခဲ့တာကြောင့် အရေးပေါ်ကုသမှု ခံယူခဲ့ရတဲ့ ဘာစီလိုနာ တိုက်စစ်မှူး အဂွေရိုရဲ့ ဆေးစစ်မှု ရလဒ်ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ အဂွေရိုမှာ နှလုံးခုန်နှုန်း မမှန်တဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ကြားသိရပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့အတွက် ရီးရဲလ်မက်ဒရစ်မှ လူကာဂျိုဗစ်ကို သဘောကျနေကာ ဆားဘီးယား တိုက်စစ်သမားကို ခေါ်ယူရေးအတွက် အာဆင်နယ်နဲ့ အပြိုင်ကြိုးစားဖို့ ပါဝင်လာပါကြောင်း ဒေးလီးမေလ်းက ဖော်ပြခဲ့ပါတယ်။

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ဟာ လက်စတာ နဲ့ ပွဲမှာ လက်စွမ်းကောင်းတွေ ပြသခဲ့တဲ့ အာဆင်နယ် ဂိုးသမား အာရွန် ရမ်စ်ဒဲလ်ကို ချီးကျူး လိုက်ပြီး သံသယ ဖြစ်ဖွယ်ရာမရှိ အင်္ဂလန် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။

မန်ယူအတွက် ရလဒ်ကောင်း ပြန်ရယူပေးနိုင်ခဲ့တဲ့နောက် တိုက်စစ်မှူး ရပ်ရှ်ဖို့က ခက်ခဲတဲ့ ရက်သတ္တပါတ် ပိုင်ဆိုင်ခဲ့ရကြောင်း၊ မန်ယူအတွက် ကစားရတာ အမြဲ ဖိအားရှိကြောင်း၊ နည်းပြ ဆိုးလ်ရှားဟာ ပြိုင်ဖက်အသင်းကို လေ့လာပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြောင်း ၊ ဒီထက်ပိုပြီး လုပ်ပြသွားဖို့ ရှိသေးကြောင်း ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ အေဂျက်ဇ်နည်းပြ တန်ဟတ်ကို ခေါ်ယူနိုင်ဖို့ အဆင်မပြေဖြစ်နေပါတယ်။ နယူးကာဆယ်အနေနဲ့ တန်ဟတ်ကို စည်းရုံးဖို့ရာ ရုန်းကန်နေရတာလို့သိရပါတယ်။

ပြင်သစ် နဲ့ PSG ကြယ်ပွင့် အမ်ဘာပေအနေနဲ့ လက်ရှိစွမ်းဆောင်မှုတွေက မလုံလောက်သေးဘဲ ဒီထက်ပိုကြိုးစားဖို့ လိုအပ်တယ်လို့ အီဘရာဟီမိုဗစ်က တွန်းအားပေးခဲ့ပါတယ်။ အမ်ဘာပေဟာ ကမ္ဘာ့ဘောလုံးလောကအတွက် တောက်ပလာဦးမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပေမယ့် ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ မှာ သူ့ရဲ့ကျရှုံးမှုနဲ့အတူ စိတ်ကြီးဝင်နေတယ်ဆိုတဲ့ ဝေဖန်သံတွေနဲ့ ရင်ဆိုင်နေရတာပါ။

အာဆင်နယ်နည်းပြအာတီတာက သူတို့အနေနဲ့လက်ရှိမှာ နိုင်ပွဲတွေဆက်နေပေမဲ့ ဝင့်ကြွားလို့မရသေးကြောင်း၊ သူတို့လိုချင်တဲ့ အနေအထားမျိုးကိုရောက်ဖို့ များစွာ လိုအပ်နေသေးကြောင်း၊ တစ်ပွဲချင်းစီကိုအကောင်းဆုံး အာရုံစိုက်သွားရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားဟာ ပြီးခဲ့တဲ့ နွေတုန်းက ပီအက်စ်ဂျီကနေ ဂူရီကို ခေါ်ယူကာ ကွင်းလယ်ခံစစ်ကို ပြုပြင်ဖို့ ကြိုးစားခဲ့ပေမယ့်လို့ ကလပ်ရဲ့ ကစားသမား ရောင်းထုတ်မှု ကိစ္စတွေ မအောင်မြင်ခြင်းကြောင့် ဆီနီဂေါ ကွင်းလယ်လူကို ကမ်းလှမ်းမှု မလုပ်နိုင်ခဲ့တာလို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

အေစီမီလန်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကို ငြင်းပယ်ပြီး အေစီမီလန်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဟာနန်ဒက်ဇ်အနေနဲ့ အေစီမှာပျော်ရွှင်နေပြီး လစာလည်း တိုးရသွားမှာ ဖြစ်ပါတယ်။