စိတ်ပျက်နေတဲ့ အာတီတာ၊ အမှားဝန်ခံသူ ဂျေးဆု၊ အသင်းသစ် ရှာမယ့် စီဘယ်လော့စ်၊ ဒေါက်ဂလပ် လူးဝစ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အဆင့် ၁ နေရာက အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဆောက်သမ်တန် အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ်။ အာဆင်နယ် အတွက် ဂရန်းနစ် ရှာကာ က ဦးဆောင်ဂိုး သွင်းပေးခဲ့ ပေမယ့် ဒုတိယပိုင်းမှာ ဆောက်သမ်တန် က ပြန်လည် ချေပ သွားခဲ့တာပါ။

ဒီသရေ ပွဲကြောင့် အာဆင်နယ်တို့ မန်စီးတီး ကို ၄ မှတ်မဖြတ်နိုင် တော့ဘဲ ဂွာဒီယိုလာ ရဲ့ အသင်းဟာ ၂ မှတ် အကွာကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆုကတော့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ အနိုင်မရခဲ့ပဲ သရေရလဒ်သာ ရခဲ့တာဟာ သူ့ရဲ့ အဆုံးသတ် အားနည်းမှုတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ရိန်းဂျားအသင်းကို ပေါင်း ၂၀.၇ သန်းနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ အေဂျက်နောက်ခံလူဟောင်း ကယ်ဗင် ဘတ်ဆေးကို အာဆင်နယ်အသင်းကလည်း ဆက်သွယ်ခဲ့တယ်လို့ သူ့ရဲ့ အေးဂျင့်က ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဗဟိုနောက်ခံလူကို ဗီလာ၊ ဝက်စ်ဟမ်းတို့ကလည်းဆက်သွယ်ခဲ့တယ်လို့သိရပြီး ဈေးအများဆုံးပေးတဲ့ ရိန်းဂျားတို့ဆီကိုပဲ ရောင်းချဖြစ်ခဲ့တယ် လို့ သိရပါတယ်။

အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဟာ အာဆင်နယ်အသင်းထံ မပြောင်းခဲ့ရတဲ့အပေါ် မကျေမနပ်ဖြစ်နေတယ်လို့ ဂယ်ရီနဗီးက သုံးသပ်လာခဲ့ပါတယ်။ ဂန်းနားတို့ဟာ အပြောင်းအရွှေ့ပိတ်ခါနီးအထိ လူးဝစ်ကို ကြိုးစားခဲ့ပြီး ဈေးညှိမရခဲ့တာကြောင့် အသင်းဆီကို မခေါ်ခဲ့ရတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ လူးဝစ်ဟာ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး ခေါ်ယူလိုပါက သန်း ၄-၅၀ ခန့်ပေးရတော့မှာဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက ဆောက်သမ်တန်နဲ့ သရေကျသွားတဲ့ ပွဲမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ စိတ်ပျက်မိတယ်လို့ ညည်းတွား သွားခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းမှာ တစ်ရာသီအငှားလာကစားဖူးခဲ့တဲ့ ဒန်နီ စီဘယ်လော့စ် ကို စာချုပ်သက်တမ်းကုန်တဲ့အခါ လက်လွှတ်သွားမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြလာကြပါတယ်။ စပိန်သားဟာ ဒဏ်ရာပြဿနာအပါအဝင် အခြေအနေအများစုမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာဖြစ်လို့ အသင်းဖက်က လက်လျော့သွားခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းဆီကို သွားခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဂါဘရီရယ် ဂျေးဆုနဲ့ မာတင်နယ်လီတို့ဟာ လေ့ကျင့်ရေးတွေပြီးရင် အမြဲတန်း တင်းနစ်ကစားလေ့ရှိသူများဖြစ်ပြီး လက်ရည် အရမ်း ကောင်းသူများ ဖြစ်လို့ သူတို့နဲ့ကစားဖို့ အမြဲဝေးဝေးက ရှောင်တယ်လို့ နောက်ခံလူ တီယာနေးက ဖွင့်ဟလာခဲ့ပါတယ်။