မန်ယူ ကြယ်ပွင့် ရော်နယ်ဒို ချယ်ဆီး ပြောင်းဖို့ ဆိုတာ နှစ်သင်းလုံးအတွက် မဖြစ်နိုင်တဲ့ ကိစ္စ လို့ ချယ်ဆီးလူဟောင်း သုံးသပ်

ချယ်ဆီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက်မှာ အဆင်မပြေ ဖြစ်နေတဲ့ ကြယ်ပွင့် တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ချယ်ဆီးဟာ ပြီးခဲ့တဲ့နွေ ဈေးကွက်တုန်းကလည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလေ လိုချင်တာကြောင့် ရော်နယ်ဒို ကို ချိတ်ဆက်ခဲ့သေးပေမယ့် ထိုစဉ်က နည်းပြတူချယ် သဘောမတူတာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် ဆောင်း ဈေးကွက်ဖွင့်ချိန်မှာ ထပ်မံ လှုပ်ရှားလာဖွယ် ရှိနေတာပါ။

ချယ်ဆီး ကစားသမားဟောင်းကြီး တိုနီ ကပ်စ်ကာရီနို ကတော့ ရော်နယ်ဒို ကို ခေါ်ယူဖို့ ဆိုတာ ချယ်ဆီး အတွက်ရော မန်ချက်တာ ယူနိုက်တက် အတွက်ပါ အဓိပ္ပါယ် ရှိမှာ မဟုတ်တဲ့ လုပ်ရပ်ဖြစ်ပြီး မန်ယူကလည်း ရောင်းမှာ မဟုတ်သလို ချယ်ဆီးကလည်း ရနိုင်မှာ မဟုတ်ကြောင်း အခုလို သုံးသပ် ပြောဆိုလိုက်ပါတယ်။

” ရော်နယ်ဒို ကို ချယ်ဆီးက ခေါ်ယူဖြစ်မယ် မထင်ပါဘူး။ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ရော်နယ်ဒို ကို ထွက်ခွာခွင့် ပေးဖို့ ပြင်ဆင်ထားမယ် မထင်ဘူး။ သူတို့က အဆင့် ၄ အတွင်း မဝင်၊ ရော်နယ်ဒိုက ချယ်ဆီး သွား ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ကို တကယ်ကြီး ထိခိုက်သွားနိုင်တယ်လေ။

အဲဒီ ရှုထောင့်ကနေ ကြည့်မယ် ဆိုရင် ဒီ အပြောင်းအရွှေ့က ဖြစ်လာဖို့ ခက်တယ် ဆိုတာ နားလည်ကြမှာပါ။ ချယ်ဆီးက အထောင် တိုက်စစ်နေရာ အတွက် လိုတယ်။ တကယ်ကို နေရာယူတာ မြန်တဲ့ သွက်တဲ့ ပြေးလွှားနိုင်တဲ့ သူမျိုး လိုတာပါ။

ရော်နယ်ဒိုသာ စတန်းဖို့ဘရစ်ချ် ရောက်လာမယ် ဆိုရင် ကျနော်တော့ အံ့သြမိမှာပဲ။ မန်ချက်စတာ ယူနိုက်တက်က ဒါကို ဖြစ်ချင်မှာ မဟုတ်ဘူး။ အဲဒါက ဘာနဲ့ တူလဲ ဆိုရင် မျက်နှာချောမွေ့ဖို့ နှာခေါင်း ဖြတ်ထုတ်လိုက်သလို ဖြစ်နေမှာ။ တကယ်ကြီး အဲဒီလိုပဲ။

ရော်နယ်ဒို ကို သွားခွင့်ပြုလိုက်ပြီး ချယ်ဆီးက သူတို့ အထက်မှာ ဆိုရင် ယူနိုက်တက် အတွက် ဘယ်လောက် အခံရခက်လိုက်မလဲဗျာ၊ တွေးကြည့်ပေါ့။ ” လို့ ကပ်စ်ကာရီနိုက talkSPORT မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရော်နယ်ဒို ကို ချယ်ဆီးနဲ့ ပွဲမှာ သူတို့ လူစာရင်းကနေ ဖယ်ထုတ်ထားပေမယ့် ယူရိုပါလိဂ် ကြားရက်ပွဲမှာ ပြန် ခေါ် အသုံးပြုမှာ ဖြစ်ကြောင်း နည်းပြ တန်ဟက်က ပြောဆိုထားပါတယ်။