လီဗာပူး ကို နိုင်ပြီးပြီ၊ အာဆင်နယ်ကိုလည်း ကြိတ်မယ် လို့ စိန်ခေါ်လိုက်တဲ့ ဖောရက်စ် အသင်းခေါင်းဆောင်

တန်းတက် နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ပြီးခဲ့တဲ့ ပွဲမှာ လီဗာပူး အသင်းကို အနိုင်ယူပြီး အားလုံးကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဖောရက်စ် အသင်းဟာ အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် နဲ့ ရင်ဆိုင်ရမှာပါ။

နော်တင်ဟမ် ဖောရက်စ် အသင်း ခေါင်းဆောင် ရိုင်ယန်ရိတ်စ် ကတော့ လာမယ့် အပတ် အာဆင်နယ် အသင်း နဲ့ ပွဲမှာလည်း အားလုံး အံ့အား သင့်အောင် လုပ်ပြမယ်လို့ ကြွေးကြော်လိုက်ပြီး ပွဲကစားမယ့် နေ့ကို အမြန်ရောက်ချင်နေပြီ လို့ ပြောကြား သွားခဲ့ပါတယ်။

တန်းဆင်းဇုန် ရောက်နေတဲ့ ဖောရက်စ် တို့ဟာ အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ် အသင်း ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ သွားရောက် ယှဉ်ပြိုင် ကစားရပါမယ်။ ဖောရက်စ် ကပ္ပတိန် ရိတ်စ် ကတော့ အာဆင်နယ် နဲ့ပွဲမှာလည်း အံ့အားသင့်စရာ ရလဒ် ထပ်မံ ရယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

” ကျွန်တော်တို့ အားလုံး အာဆင်နယ် နဲ့ ကစားရမယ့်ပွဲကို အမြန်ဆုံး ရောက်ချင်နေကြပါပြီ ။ တနင်္ဂနွေနေ့ အမ်းမရိတ်မှာ ကစားရမယ မှာလည်း ကျွန်တော်တို့ အသင်းက underdog အသင်း အဖြစ် ဆက်ရှိနေမယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် အဝတ်လဲခန်း အတွင်းမှာ ကျွန်တော်တို့က အလွယ်တကူ အနိုင်ယူလို့ မရတဲ့ အသင်း တစ်သင်းဆိုတာ ပြသနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အက်ဖ်အေ ဖလားပြိုင်ပွဲမှာ အာဆင်နယ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင် ကစားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဖောရက်စ် အသင်းဟာ ဒီရာသီ ၁၂ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၂ ပွဲသာ ရသေးပြီး အမှတ်ပေး ဇယား အောက်ဆုံးကို ရောက်ရှိနေတဲ့ အသင်းပါ။

စတိဗ် ကူးပါး ရဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၈ ဂိုးနဲ့ ဒုတိယ သွင်းဂိုး အနည်းဆုံး အသင်း ဖြစ်နေပြီး ပေးဂိုးကလည်း ၂၃ ဂိုး အထိ ခွင့်ပြု ထားရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ ဖောရက်စ် ဟာ လီဗာပူး အသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ ဧည့်ခံ ကစားပြီး အနိုင်ရအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။