ဘာစီလိုနာကို ရာထူးသစ်နဲ့ ပြန်လာမယ်လို့ ပရိသတ်တွေကို ကတိ ပေးလိုက်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားအသင်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီက သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းထံ တစ်ရက် ပြန်လာပါမယ်လို ပရိသတ်တွေကို ကတိပေးမှု ပြုလုပ်သွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်းမှာ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်လို့ လာလီဂါကလပ်ကို စွန့်ခွာကာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်တယ်။ သူဟာ ပီအက်စ်ဂျီအသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

မက်ဆီဟာ လီဂူးဝမ်းမှာတော့ ခြေစွမ်းကောင်းတွေပြပြီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းပေးရေးမှာ အနည်းငယ် ရုန်းကန်နေရတယ်။ ကလပ်ရဲ့ မရှိမဖြစ် ကစားသမား မက်ဆီကို လက်လွှတ်ထားရတဲ့ ဘာစီလိုနာအသင်းကလည်း ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း အတော်လေးကို ယိမ်းယိုင်နေခဲ့ပြီး အသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ထားရတဲ့ အထိ အခြေအနေ ဆိုးဝါးနေပါတယ်။

နှစ်ပေါင်းများစွာ နေထိုင် ကျင်လည်ခဲ့တဲ့ ကတ်တလန်တာမြေကို စွန့်ခွာခဲ့ရတဲ့ မက်ဆီက သူဟာ တနေ့မှာ ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာလိုမျိုး ရာထူးကို ရယူချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တနေ့မှာ ဘာစီလိုနာအသင်းဆီ ပြန်လာမယ့် အကြောင်းကို မက်ဆီက “ တစ်ရက်မှာ ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့လား။ ဒါပေါ့။ ကျွန်တော်က ဒီအသင်းကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ပါပဲ။ တချိန်မှာ ကျွန်တော်က နည်းစနစ်ပိုင်း ဒါရိုက်တာ ရာထူးကို ရယူချင်ပါတယ်။ အဲ့ဒီရာထူးနဲ့ ဘာစီလိုနာအသင်းမှာ အလုပ်လုပ်ခွင့် ရမလား ဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ အဲ့ဒီရာထူးနဲ့ အလုပ်လုပ်ချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။