လာမယ့် ဇန်နဝါရီ အတွက် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ဘတ်ဂျက်နဲ့ ချိန်ရွယ်နေတဲ့ ကစားသမားများ

အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ လာမယ့်ဆောင်းရာသီမှာ နည်းပြ အာတီတာရဲ့ ပစ်မှတ်တွေကို ခေါ်ယူဖို့ အတွက် အပြောင်းအရွှေ့ ဘတ်ဂျက် ပေါင် သန်း ၅၀ ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ရာသီအစကို အကောင်းဆုံးပုံစံနဲ့ စတင်ထားနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၁ နေရာမှာ ဒုတိယနေရာက မန်စီးတီးကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာက ၎င်းရဲ့ လူစာရင်းဟာ ဆုဖလား စိန်ခေါ်သူတွေအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့အတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေသေးတယ်လို့ ခံစားနေရပြီး ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်နဲ့ တောင်ပံနေရာ အတွက် ကစားသမားသစ်တွေ ခေါ်ယူသွားချင်နေတာပါ။

အာတီတာဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ကစားနိုင်တဲ့ အမာခံ ၁၅ ဦးကို အလွန်အမင်း အားထား နေရတာ ဖြစ်ပြီး အဲဒီကစားသမားတွေထဲက အများစုကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ပါဝင် ကစားပေးနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် အာတီတာဟာ အထူးသဖြင့် ပြိုင်ပွဲတိုင်းမှာ ပါဝင်ကစားပေးနေရတဲ့ ချာကာနဲ့ ဆာကာတို့ကို အနားပေးနိုင်ဖို့ အတွက် ဇန်နဝါရီလမှာ ကစားသမားသစ် ၂ ဦးအထိ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပါးမီးရပ်စ် ကွင်းလယ် ကစားသမား ဒါနီလိုက စပိန်လူမျိုးနည်းပြရဲ့ ထိပ်တန်းပစ်မှတ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ယာယာ တိုရေးနဲ့ ကွန်ပနီတို့လို ကစားပေါက်မျိုးရှိတဲ့ ဘရာဇီးလ်လူငယ်ကွင်းလယ်ကစားသမားကို ပြီးခဲ့တဲ့နွေ ရာသီ တုန်းက အာဆင်နယ်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ပါးမီးရပ်စ်အသင်းက ကိုပါ လီဘာတေးဒိုးစ်ပြိုင်ပွဲမှာ ပါဝင် ကစားနေရတာကြောင့် ရောင်းချလိုခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ပါးမီးရပ်စ်အသင်းဟာ ဒါနီလိုအတွက် ရပ်တည်ချက်ကို ဇန်နဝါရီလမှာ ပြောင်းလဲ ကောင်း ပြောင်းလဲနိုင်ပြီး အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကို ပေါင် ၂၆ သန်းဝန်းကျင်လောက်နဲ့ တိုးမြှင့် ကမ်းလှမ်း လာမယ် ဆိုရင် လမ်းခွဲပေးဖို့ စဉ်းစားသွားမယ်လို့ သိရပါတယ်။

အာတီတာ ခေါ်ယူချင်တဲ့ နောက်ထပ် ကစားသမားတစ်ဦးကတော့ ရှက်တာဒိုးနတ် တောင်ပံကြယ်ပွင့် မိုင်ခေးလို မာဒရစ်ဖြစ်ပြီး ယူကရိန်းတောင်ပံကစားသမားဟာ အင်္ဂါနေ့ညက ဆဲလ်တစ်နဲ့ပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်း စွမ်းရည်နဲ့ ဂိုးသွင်းယူပြခဲ့ပြီးနောက် ဥရောပထိပ်သီးအသင်းကြီးတွေကို အချက်ပေးလိုက်တဲ့အတွက် ဂန်းနားတို့အနေနဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ရှက်တာဒိုးနတ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ရိုးမားအသင်းက မာဒရစ်အတွက် ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်း ခဲ့ပေမယ့်လည်း ယူရိုသန်း ၅၀ အထိ ရရှိလိုတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် အာတီတာ အနေနဲ့ အပြောင်းအရွှေ့ဘတ်ဂျက် ပေါင်သန်း ၅၀ သာ ရရှိထားတာကြောင့် နောက်ထပ် တောင်ပံ ကစားသမား တစ်ဦးကို ရွေးချယ်စရာအဖြစ် ရှာဖွေသွားရမှာပါ။

အာဆင်နယ်နဲ့ နောက်ထပ်သတင်းထွက်နေတဲ့ ကစားသမား ကတော့ ဗီလာရီးရဲလ် လူငယ်ကြယ်ပွင့် ရယ်ရမီ ပီနိုဖြစ်ပြီး စပိန် တောင်ပံကစားသမားကို အာဆင်နယ်တို့ အနေနဲ့ ပေါင် ၂၅ သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။