ဘိုင်ယန်ကို ရှုံးကြွေး ထပ်တင်ပြီး ယူရိုပါလိဂ် ဆင်းကန်ရတော့မယ့် ဘာစီလိုနာနဲ့ အခြား ချန်ပီယံလိဂ် ပွဲများ အခြေအနေ

ဘာစီလိုနာ ကတော့ မနေ့ညက ဘိုင်ယန်မြူးနစ်နဲ့ မကန်ခင်တည်းက အင်တာနိုင်ပွဲကြောင့် ယူရိုပါလိဂ်ကို ဆင်း ကစားရဖို့ သေချာသွားခဲ့ပြီး တကယ် ကစားချိန်မှာလည်း ဘိုင်ယန်မြူးနစ်ကိုလည်း အိမ်ကွင်းမှာပဲ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ် ရှုံးကြွေးတင်ခဲ့တဲ့ပွဲတပွဲဖြစ်ပြီး ခံစစ်ပိုင်းကလည်း အမှားအယွင်းတွေနဲ့ စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ်။

ပွဲအစ (၁၀) မိနစ်မပြည့်ခင်မှာတင် နာဘရီရဲ့ Dead Pass ကတဆင့် မာနေးက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အဆုံးသတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ချူပိုမိုတင်းက နာဘရီရဲ့ ဖန်တီးပေးပို့မှုကနေပဲ တာစတီဂန်နဲ့ တယောက်ချင်းအတွေ့မှာ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ နာဘရီကတော့ ဒီပွဲမှာ ပုံစံကောင်းပြခဲ့ပြီး အသင်းအတွက် နှစ်ဂိုးသွင်းပေးခဲ့သလို ဒုတိယပိုင်းမှာလည်း တဂိုးသွင်းပေးပါသေးတယ်။

ဒါပေမယ့် လူကျွံနေခဲ့တာကြောင့် ပြန်လည်ပယ်ဖျက်ခံခဲ့ရတာပါ။ ပထမပိုင်းပြီးခါနီးမှာ ဘာစီလိုနာတို့ ပင်နယ်တီ ရဖို့ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုနာတို့ ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ဘိုင်ယန်မြူးနစ်ကပဲ ပါဗက်ရဲ့ ပွဲသိမ်းဂိုးနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခြားသောပွဲစဉ်တွေမှာတော့ လီဗာပူးက အေဂျက်စ်ကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အမှားအယွင်း မရှိ အနိုင်ယူပြီး နာပိုလီနဲ့အတူ နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။

နာပိုလီကလည်း ရိန်းဂျားစ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ စပါးကတော့ စပို့တင်းလစ္စဘွန်းကို အိမ်ကွင်းမှာ အနိုင် မကစားခဲ့တာကြောင့် အုပ်စုတက်ဖို့ နောက်ဆုံးပွဲအထိ အဆုံးအဖြတ် ခံယူရတော့မှာလည်းဖြစ်ပါတယ်။

စပါးရဲ့အုပ်စုမှာ စပို့တင်းလစ္စဘွန်း၊ ဖရန့်ဖတ်၊ မာဆေးလ်တို့အားလုံး အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်ကလည်း အဝေးကွင်းမှ အက်သလက်တီကို မက်ဒရစ် ကို ဒုက္ခပေးခဲ့ပြီး အက်သလက်တီကိုကတော့ ကာရက်စ်ကိုရဲ့ နောက်ဆုံးမိနစ် ပင်နယ်တီလွဲချော်မှုနဲ့အတူ အုပ်စုကထွက်ခဲ့ရကာ ယူရိုပါလိဂ် ကစားခွင့်ရရေးအတွက်သာ ဆက်လက် အာရုံစိုက် ကြိုးစားရတော့မှာဖြစ်ပါတယ်။