မန်ယူအသင်းသား ၃ ဦးကြောင့် အလိုချင်ဆုံး ကစားသမားကို လက်လွတ်လိုက်ရတဲ့ ဆိုးရှား

နွေအပြောင်းအရွှေ့မှာတုန်းက ကလပ်ရဲ့ အင်အားအနည်းဆုံး နေရာဖြစ်တဲ့ ကွင်းလယ်ခံစစ်ပိုင်းကို အားဖြည့်ဖို့ မန်နေဂျာဆိုးရှားက ကြံရွယ်ခဲ့ပေမယ့်လို့ ကလပ်ရဲ့ အသင်းသား (၃) ဦး မထွက်ခွာခြင်းကြောင့် ကမ်းလှမ်းခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

မာတစ်ရဲ့ အသက်အရွယ်အရ ခြေစွမ်း မတည်ငြိမ်မှု၊ ပေါ့ဘာရဲ့ စာချုပ်ကိစ္စတွေကြောင့် ကွင်းလယ်ပိုင်း အားဖြည့်ရဖို့ ကြံလာတဲ့ ဆိုးရှားဟာ ကွင်းလယ်ခံစစ်နေရာအတွက် ဂူရီကို သဘောကျနေခဲ့တာပါ။ ဝက်ဟမ်းမှ ရိုက်ကလည်း ဆိုးရှားရဲ့ ပစ်မှတ်ထဲ ပါခဲ့သေးပေမယ့်လို့ အင်္ဂလန်သားအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးကြောင့် ဂူရီကို ဦးတည် ချိန်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူဟာ အက်စတွန်ဗီလာနဲ့ အဲဗာတန်တို့မှာ ကစားခဲ့ဖူးကာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိနေခဲ့သူဖြစ်တယ်။ ပြင်သစ်ကလပ်ကို ဝိုက်နယ်ဒမ် ပြောင်းရွှေ့လာခဲ့ခြင်းကြောင့် ဂူရီရဲ့ ဇနီးဖြစ်သူကလည်း အိုးထရတ်ဖိုဒ့်ထံ ပြောင်းဖို့ကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်မှာ ကွင်းလယ်ခံစစ်သမားအဖြစ် မာတစ် တစ်ဦးတည်း ရှိနေတာဖြစ်ကာ ပေါ့ဘာ၊ ဖရတ်၊ တော်မီနေးတို့က တိုက်စစ်ကို လိုက်ပါဖို့ကို ပိုမို အားသန်ခဲ့ကြတယ်။ ကွင်းလယ် သုံးယောက်တန်းမှာ ခံစစ်ကို အထိုင်ထားဖို့ ဂူရီကို နေရာပေးတာက အလုပ်ဖြစ်မယ်လို့ ဆိုးရှားက ယူဆခဲ့ပါတယ်။

ဒါပေပမယ့်လည်း ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြပြီး စကားတွေ အများကြီး ပြောခဲ့ကြပေမယ့် တရားဝင် ကမ်းလှမ်းမှု ဖြစ်မလာခဲ့ပါဘူး။ မာတစ်၊ ပေါ့ဘာနဲ့ လင်ဂတ်တို့က ယူနိုက်တက်မှာပဲ ဆက်ရှိနေတာကြောင့် ကွင်းလယ် တစ်နေရာအတွက် လူသစ်ခေါ်ယူရေး ပလန်က မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာတော့ ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်မှာ ပြဿနာတွေဖြစ်နေပြီး ခံစစ်ကို ကာကွယ်ပေးမယ့် အဓိက ကစားသမား နေရာက အခုထိ အထိုင်မကျသေးဘူး ဖြစ်နေပါတယ်။ သို့ပေမယ့် ပြင်သစ်ကလပ်မှာတော့ ဂူရီက ပုံစံကောင်းတွေ ပြသနေပြီး ပွဲကစားခွင့်လည်း ပြန်ရနေတာပါ။ ဂူရီဟာ မက်ဆီ၊ ဘာပေးနဲ့ နေမာတို့ တိုက်စစ်မှာ လွတ်လပ်စွာ ကစားနိုင်ဖို့ ခံစစ်ကြောင်းရှေ့က ကွင်းလယ် အကာအရံအဖြစ် အံဝင်နေခဲ့ပါတယ်။

ဇန်နဝါရီမှာတော့ လင်ဂတ် အသင်းကနေ ထွက်ခွာဖွယ် ရှိနေသလို ပေါ့ဘာ စာချုပ်သစ် မချုပ်သေးတဲ့ အခြေအနေတွေအရ ယူနိုက်တက် အားနည်းနေတဲ့ ကွင်းလယ်ခံစစ်ပိုင်း နေရာကို အင်အားဖြည့်မှု ရှိလာမယ်လို့ ယူဆရတယ်။

လာမယ့် ဈေးကွက်တွေမှာ ယူနိုက်တက်ဟာ ကွင်းလယ် ခံစစ်သမား တစ်ဦးကို ခေါ်ယူသွားဖို့ ပြန်လည် ကြိုးစားဖွယ်ရှိပြီး အဲ့ကာလအထိ ဆိုးရှား ယူနိုက်တက်မှာ ဆက်ရှိနေမလား စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။