ဘရိုက်တန်ကို မနိုင်ဘူး ဆိုတဲ့ ခန့်မှန်း၊ ဗန်ဒိုက်ကြောင့် ထိခဲ့ရတဲ့ ကီပါ၊ ပေါ်တာအတွက် သတိပေးမှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

နည်းပြ ပေါ်တာဟာ ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အသင်းဟောင်း ဘရိုက်တန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲမှာ ချဲလ်ဆီး တို့ အနိုင်မရနိုင်ဘဲ ၁-၁ သရေ ရလဒ် ထွက်လိမ့်မယ် လို့ ဘီဘီစီမှ ခရစ်ဆက်တန်က သုံးသပ် ခန့်မှန်းထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်း တို့ကို အသွင်းကူးပြောင်းဆဲ၊ ပြန်လည် တည်ဆောက်ဆဲ အသင်းတွေ အဖြစ် ဘောလုံး ဝေဖန်ရေး ဆရာတွေက ကာကွယ်ဖေးမ ပြောဆိုနေကြတဲ့ အပေါ် စပါးနည်းပြ ကွန်တီက လှောင်ရယ်သွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်းမှာ နည်းပြ ဂရေဟမ် ပေါ်တာ လုပ်ဆောင်နေတာတွေက ကောင်းမွန်လှပြီး တချိန်မှာ အနောက်လန်ဒန် ကလပ်နဲ့ လမ်းခွဲသွားရင် တချိန်မှာ အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ အဖြစ် မြင်ရဖွယ် ရှိကြောင်း တော့တင်ဟမ် စပါး နည်းပြဟောင်း ဟိုဒယ် က သုံးသပ် ပြောဆိုသွားပါတယ်။

ချဲလ်ဆီး အသင်းဟာ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက် ပြိုင်ပွဲစုံ ၉ပွဲ ကစားထားရာ ၆ပွဲနိုင် ၃ပွဲသရေနဲ့ ရှုံးပွဲ လုံးဝ မရှိတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင် ရရှိထားပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာလည်း ဆဲလ်ဘတ်အသင်းကို ၂-၁နဲ့ အနိုင်ရသွားတာကြောင့် ချဲလ်ဆီးတို့ အုပ်စုဗိုလ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ကာရာဘောင် ဖလား ဖိုင်နယ်ပွဲမှာ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ရဲ့ ပင်နယ်တီ ကန်ချက်ဟာ ကီပါ ဖမ်းတဲ့ဖက်ကို ဂိုးဝင်သွားတဲ့ အတွက် စပိန်သား အပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိခဲ့ပြီး ကစားသမား ဘဝ အဆုံးသတ်လုနီးနီး ဖြစ်စေခဲ့ကြောင်း အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရိုက်က သုံးသပ်ခဲ့ပါတယ်။

ရုရှားကလပ် ဒိုင်နမိုမော်စကိုအသင်းမှာ ပါဝင်ကစားနေတဲ့ ဆယ်ကျော်သက်အရွယ် ရုရှား ကွင်းလယ်ကစားသမားလေး အာဆင်ဇာခါရန်က နွေဈေးကွက်တုန်းက မပြောင်းရွှေ့ဖြစ်လိုက်ရတဲ့ ချဲလ်ဆီးအသင်းထံ တကယ် ပြောင်းရွှေ့ ကစားလိုကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ အချိန်မှာ နည်းပြ အပြောင်းအလဲကြောင့် ကစားသမားတိုင်း စိတ်ဓာတ် တက်ကြွနေမှာ မှန်ပေမယ့် ၊ အချိန်ကြာလာတာနဲ့ အမျှ ဇီယက်ခ်ျလို အရန်ခုံမှာ ထိုင်တာများတဲ့ ကစားသမားတွေ စိတ်ပါဝင်စားမှု လျော့ကျနိုင်ကြောင်း ဂရေဟမ် ပေါ်တာအား ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် က သတိပေးစကား ဆိုခဲ့ပါတယ်။