မန်ယူမှာ နေရာမရတော့တဲ့ စီ ရော်နယ်ဒို ဘာလုပ်သင့်သလဲ အကြံပေးသွားတဲ့ လီဗာပူး ကစားသမားဟောင်း ဖောင်လာ
လီဗာပူးလ် ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်သူ ရော်ဘီဖောင်လာက ကစားသမားဘဝအတွင်း သူ ဖြတ်သန်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး လက်ရှိအချိန်မှာ ပွဲကစားခွင့် အကန့်သတ် ရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အကြံပြု ပြောဆိုသွားခဲ့ပါတယ်။
ရော်နယ်ဒို အနေနဲ့ ပုံမှန် ကစားခွင့်တွေ ရရှိဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသင့်တယ်လို့ ဖောင်လာက တိုက်တွန်းသွားခဲ့ပါတယ်။
လီဗာပူးလ်မြို့မှာ မွေးဖွားပြီး လီဗာပူးလ် လူငယ်အကယ်ဒမီမှာ ဘောလုံးပညာ သင်ယူရင်း လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း (၃၇၀)ဝန်းကျင်လောက်အထိ ပါဝင်ကစားပေးခဲ့သူ တိုက်စစ်မှူးကြီး ရော်ဘီဖောင်လာက သူ့အနေနဲ့ သူ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရတဲ့ လီဗာပူးလ်အသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ရတဲ့ အချိန်ကာလကို ဥပမာထားပြီး ပြောသွားခဲ့တာပါ။

ဖောင်လာက “ကျွန်တော်ကိုယ်တိုင်လည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရဖူးတယ်။ ကိုယ့်ကိုကိုယ် အကောင်းဆုံး တိုက်စစ်မှူးလို့ ယုံကြည်ထားတဲ့အချိန် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် နည်းပြက ကျွန်တော် မပါတဲ့ အသင်းကို ရွေးချယ်ခဲ့တယ်”
“ကစားသမားတစ်ယောက်အနေနဲ့ ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်လာနိုင်တော့တာကို လက်ခံဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါကို ဘယ်လိုလုပ်မလဲ။ လေ့ကျင့်ခန်းမှာ လုပ်စရာရှိတာကို ဆက်လုပ်မယ်။ ဒါကလည်း သိပ်တော့ အရေးမကြီးပါဘူး။ နည်းပြတွေမှာ သူတို့ ကစားစေချင်တဲ့ ကစားသမားအချို့က ရှိကောင်းရှိနေဆဲဖြစ်လို့ ဒါကို လက်ခံဖို့ဆိုတာ ခက်ပါတယ်။
ဒါကြောင့်ပဲ ကျွန်တော် လီဗာပူးလ်က ထွက်ပြီး လိဒ်စ်ကို ပြောင်းခဲ့တာ။ ကျွန်တော်က ကျွန်တော့်အတွက်နဲ့ရော ကျွန်တော်ရဲ့ ကစားခွင့်အတွက်ပါ တွေးမိလာလို့ပါပဲ။ ကျွန်တော် လီဗာပူးလ်ကို ချစ်သလို ဘောလုံးကစားဖို့လည်း လိုအပ်ခဲ့ပါတယ်။ ကျွန်တော် ကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာခဲ့ရတာလို့ ခံစားခဲ့ရပေမယ့်လည်း ကျွန်တော် အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီး ကိုယ်ရဲ့စိတ်ဆန္ဒအအတိုင်း ကစားရဖို့အတွက် လုပ်ဆောင်ခဲ့ရတာပါ။
ရော်နယ်လ်ဒိုက လက်ရှိ အသင်းရဲ့ အစီအစဉ်နဲ့ မကိုက်ညီဘူးဆိုတာ ရှင်းနေပါတယ်။ ရိုးရှင်းတဲ့ အဖြေတစ်ခုကို ကျွန်တော် ပေးနိုင်တယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး တကယ်လို့ သူသာ ပွဲချိန်ပြည့်နီးပါး အမြဲတမ်း ကစားချင်တယ်ဆိုရင်တော့ သူ အသင်းကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်” လို့ ရှင်းလင်း ပြောကြားလိုက်ပါတယ်။