ချဲလ်ဆီးအသင်းနဲ့ နည်းပြဟောင်း ပေါ်တာ ကို ရှယ်ကြိတ်ပြီး အသင်းသမိုင်းနဲ့ချီပြီး ပထမဆုံး နိုင်ပွဲ ရသွားတဲ့ ဘရိုက်တန်

မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ ချဲလ်ဆီးအသင်းဟာ နည်းပြပေါ်တာရဲ့ အသင်းဟောင်း ဘရိုက်တန်ကို အဝေးကွင်းမှာ ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာ ကတော့ လူမှုကွန်ရက်တွေပေါ်မှာ လှောင်ပြောင် ခံနေရပါတယ်။

အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံချိန်မှာ ပေါ်တာတယောက် မျက်နှာပန်းမလှဖြစ်ခဲ့ရပြီး သူ့ရဲ့ တပည့်ဟောင်းတွေက ခြေစွမ်းပြ ရှယ်ကြိတ်ခဲ့ကာ ကြီးမားတဲ့ နိုင်ပွဲတပွဲကို ရယူသွားခဲ့ပါတယ်။

ဘရိုက်တန် နည်းပြဘဝမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် နာမည်ကြီးလာခဲ့တဲ့ ပေါ်တာက ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တာပါ။ ချဲလ်ဆီးနည်းပြဘဝမှာ ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ပေါ်တာက ပိုင်ဆိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်ရောက်နိုင်အောင်ပါ စွမ်းဆောင်ပေးထားခဲ့လို့ အချိန်တိုအတွင်းမှာပဲ အသင်း ပရိသတ်တွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် မနေ့ကတော့ အသင်းဟောင်းနဲ့ပြန်အတွေ့မှာ ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ရပြီး ချဲလ်ဆီးကစားသမားတွေ ဖြစ်တဲ့ ချာလိုဘက်နဲ့ လော့တပ်ချိခ်တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေနဲ့အတူ ဂိုးပြတ်ရှုံးခဲ့ပါတယ်။

ဘရိုက်တန်ကတော့ နည်းပြသစ်လက်ထက်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်နေခဲ့တာဖြစ်ပြီး ချဲလ်ဆီးနဲ့အတွေ့မှာမှ နိုင်ပွဲ ပြန်ရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဂရေဟမ်ပေါ်တာကို “ချယ်လ်ဆီးတို့ စာချုပ်ချုပ်ဆိုခေါ်ယူခဲ့စဉ်က အသင်းဟောင်းနဲ့တွေ့ရင် ၃ မှတ် ပေးရမယ်ဆိုတဲ့ သဘောတူညီမှု ရှိခဲ့လား”လို့ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။

အခြားပရိသတ်တွေကလည်း “ပေါ်တာက ဂျာစီအရောင်ချင်းမှားပြီး ကိုင်တွယ်နေတာလား” လို့ ပြောဆိုခဲ့ကြသလို အသင်းဟောင်းနိုင်ပွဲရဖို့ ကူညီပေးခဲ့ပြန်ပြီလို့လည်း နောက်ပြောင်ခဲ့ကြပါတယ်။

ဘရိုက်တန် အသင်းဟာ အသင်းသမိုင်းတလျှောက် ချဲလ်ဆီးကို ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာလ ဖြစ်ပါတယ်။