မန်ယူပရိသတ်တွေ သိပ်သိချင်နေကြတဲ့ ကိစ္စအတွက် ပြောပြသွားတဲ့ ဆိုးလ်ရှား

စပါးကို ရင်ဆိုင်တဲ့ပွဲမှာ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ထူးထူးခြားခြားအဖြစ် သုံးယောက်တန်း ခံစစ်ကို အသုံးပြုလာခဲ့ပြီ တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ ကာဗာနီတို့ကို တွဲထုတ်ခဲ့ပါတယ်။

ဒါဟာ ဆိုးလ်ရှား ကိုင်တွယ်နေစဉ် ကာလတစ်လျှောက်မှာ ရှားရှားပါးပါး အသုံးပြုခဲ့တဲ့ နည်းစနစ် အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ဖိအားတွေအောက် ရောက်နေတဲ့ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်ဟာ အဆိုပါ ကစားကွက်နဲ့အတူ တော့တင်ဟမ်ကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ကစားသမားတွေဟာ ပွဲအစမှာ ကစားကွက် အသစ် နဲ့အံ့မဝင်သေးတာကြောင့် အနည်းငယ် ရုန်းကန်ခဲ့ရတာတွေရှိပေမယ့် ကစားချိန်ကြာလာတာနဲ့အမျှ တော့တင်ဟမ်ကို အသာစီးကစားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ရော်နယ်ဒို၊ ကာဗာနီနဲ့ ရက်ဖိုဒ့်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက ဘာလို့ နည်းစနစ် အပြောင်းအလဲ လုပ်ဖြစ်ခဲ့သလဲဆိုတဲ့ အကြောင်းအရင်း နဲ့ပတ်သက်ပြီး အခုလိုပဲပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “ ဒီကစားကွက်မှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကိုပဲ ထည့်သုံးခဲ့ပါတယ်။ အဲဒီအတွေ့အကြုံတွေနဲ့အတူ ခိုင်မာတဲ့ ပုံစံကောင်းတစ်ခုရှိဖို့ လိုအပ်ပါတယ်။ အဲဒါက အဓိကပါပဲ ၊ဘောလုံးမပါတဲ့ အချိန်မှာတောင် ပွဲကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်၊

ကိုယ့်အသင်းလက်ထဲမှာ ဘောလုံးရှိနေတဲ့အခါ ကွင်းရဲ့အကျယ်ကို ကောင်းကောင်းအသုံးချနိုင်ဖို့က အရေးကြီးပါတယ်။ အခု ကစားကွက်မှာ အဲဒီတာဝန်ကို Side Back ဒါမှမဟုတ် တောင်ပံကစားသမားတွေက တာဝန်ယူရပါတယ်၊

ကွင်းထဲမှာ ရော်နယ်ဒို နဲ့ကာဗာနီတို့လို ကစားသမားတွေကို အတူတူ ထည့်လိုက်ပြီးဆိုရင် သူတို့ဆီကို ဘောလုံးရောက်အောင် ပံ့ပိုးပေးနိုင်တဲ့သူတွေ လိုအပ်ပါတယ်၊ ဒါကြောင့် ဒီကစားကွက်ကို အသုံးပြုခဲ့တာဖြစ်ပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ၄-၂-၃-၁ ကစားကွက်ကိုပဲ ကြိမ်ဖန်များစွာ အသုံးပြုခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတာဖြစ်ပါတယ်။ ဒီနေ့မှာ အသုံးပြုခဲ့တယ် ၃-၄-၁-၂ ကစားကွက်ဟာ အတော်လေး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ ဗာရန်း ပြန်ကစားနိုင်ခြင်းက ယူနိုက်တက်ခံစစ်အတွက် အတော်လေး အကျိုးပြုခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀) ပွဲမှ ပထမဆုံး Clean Sheet ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ကြားရက်မှာ အတ္တလန်တာ နဲ့ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။