ရလဒ်တွေ ကောင်းနေပေမယ့် ဇန်နဝါရီမှာ ကစားသမားသစ် ဝယ်ဦးမှာလို့ မန်ယူ နည်းပြ တန်ဟက် ဖွင့်ဟလာ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က မန်ယူအသင်းဟာ လတ်တလောမှာ ရလဒ်တွေ ကောင်းနေပေမယ့် ရာသီကုန်ချိန် အထိ ပွဲတွေ အများကြီး ကစားရဖို့ ကျန်နေသေးတာကြောင့် လာမယ့် ဆောင်း ဈေးကွက် အတွင်းမှာ ညာနောက်ခံလူ တဦးကို မဖြစ်မနေ ဝယ်ယူသွားမယ်လို့ အတည်ပြု ပြောကြား သွားခဲ့ပါတယ်။
တန်ဟက်ဂ်က ပွဲဆက် များလာမှုကြောင့် ဒါးလော့ရဲ့ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းလာတာကို သတိထား မိတာကြောင့် မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝက်စ်ဟမ်း ပွဲအပြီးမှာပဲ သူတို့အသင်းဟာ ခံစစ်အစွန်နေရာတွေ အတွက် အနည်းဆုံး ကစားသမား ၂ဦးစီ ရှိနေဖို့ လိုအပ်တာကြောင့် ကစားသမားသစ် တဦး (ညာနောက်ခံလူသစ်) ထပ်မံ ခေါ်ယူသွားမယ်လို့ ဆိုလာပါတယ်။

တန်ဟက် က – “ကျွန်တော်တို့က ခံစစ်အစွန်နေရာတွေမှာ တကယ် ကောင်းတဲ့ အစွန်ခံစစ်မှူး ၂ယောက်စီ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီရာသီမှာ ပွဲတွေ အများကြီး ကစားရဖို့ ရှိနေလို့ပါ” ဆိုပြီး ပြောကြားကာ ဆောင်းဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမယ့် အကြောင်းကို အတည်ပြု ပြောကြားသွားခဲ့တာပါ။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဘစ်ဆာကာကို ဆောင်းဈေးကွက်မှာပဲ ပြောင်းရွှေ့ကြေး ပေါင်၂၅သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဘစ်ဆာကာရဲ့ နေရာအတွက် လေဗာကူဆင်ရဲ့ ညာနောက်ခံလူ ဖရင်းပေါင်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ တိုက်စစ်ပိုင်း အတွက် အန်တိုနီ ၊ ကွင်းလယ်ပိုင်း အတွက် အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုး ၊ ခံစစ်ပိုင်း အတွက် မာလာစီယာနဲ့ မာတီနက်ဇ် ၊ ဂိုးသမားနေရာ အတွက် ဒူဗရက်ကာ စတဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့တာပါ။
သူတို့အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ အန်တိုနီ ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ မာတီနက်ဇ် တို့ကလည်း အချိန်တို အတွင်းမှာပဲ အသင်းရဲ့ ထောက်တိုင် ကစားသမားတွေ ဖြစ်လာပါတယ်။
ဒါပေမယ့် အဲရစ် တန်ဟက် ကတော့ အသင်းရဲ့ လူစာရင်းပိုင်းနဲ့ ပတ်သတ်ပြီး ကျေနပ်အားရမှု မရှိသေးသလို ဒါလော့နဲ့ ဝမ် ဘစ်ဆာကာတို့ နှစ်ဦး ရှိနေတဲ့ ညာနောက်ခံနေရာမှာလည်း ဘစ်ဆာကာရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက်ခြင်း မရှိတာကြောင့် ဒါလော့ တဦးထဲကိုသာ အဆက်မပြတ် သုံးနေပါတယ်။