တပွဲရှုံးလိုက် တပွဲနိုင်လိုက် လီဗာပူး၊ လက်ရှိ နေရာ မကြိုက်တဲ့ စတာလင်၊ ဘာကာ ချိန်နေတဲ့ အာတီတာ၊ ဆွန် ဒဏ်ရာနဲ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေမှာတော့ လီဗာပူး အသင်းက နာပိုလီအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပေမယ့် နာပိုလီကသာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်လှမ်းလာနိုင်ခဲ့ပြီး အေဂျက်ကလည်း ရိန်းဂျားကို ၁-၃ နဲ့ အနိုင်ရယူပြီး ယူရိုပါလိဂ် ရှုံးထွက်အဆင့်ကနေ စတင် ကစားခွင့်ရခဲ့ပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူး မာရှယ်ဟာ လက်ရှိမှာတော့ အသင်းနဲ့အတူ ပြန်လည် လေ့ကျင့်ခန်း ဆင်းနေနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးအသင်း တိုက်စစ်ကစားသမား စတားလင်းကတော့ လက်ရှိ ကစားနေရတဲ့ တောင်ပံနောက်ခံ အစွန်နေရာနဲ့ ပတ်သက်ပြီး စောဒက တက်လိုခြင်း မရှိပေမယ့် ယခုနေရာဟာ ၎င်းရဲ့ အကောင်းဆုံး နေရာတစ်ခု မဟုတ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မာဆေးလ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဆွန်ယောင်မင်တစ်ယောက် ပထမပိုင်းမှာကတည်းက ဦးခေါင်းဒဏ်ရာကြောင့် လူစားလဲခြင်း ခံခဲ့ရပြီး ဒဏ်ရာ ပြင်းထန်မှု အခြေအနေကို ဆက်လက်စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

မာဆေးလ်ကို နောက်ကျနေ လိုက်လံကစားပြီး အနိုင်ရခဲ့ပြီးနောက် အုပ်စုဗိုလ်ဖြစ်ခဲ့တာကြောင့် စပါးအသင်း ပရိသတ်တွေ အထူးကျေနပ်အားရနေကြသလို ဂိုးသမား လိုးရစ် နဲ့ နောက်ခံလူ လန်းလတ်ဂျ်တို့ကလည်း ၎င်းတို့အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ကြောင့် ယခုရလဒ် ရယူနိုင်ခဲ့တာဖြစ်တယ်ဆိုပြီး ပွဲအပြီး ပြောဆိုသွားခဲ့ပါတယ်။

အင်တာမီလန် ကို ၂ ဂိုးပြတ် အနိုင်ယူပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပေမယ့် လာမယ့် ရှုံးထွက်အဆင့်မှာ ယခုထက် ပိုမို ကောင်းမွန်အောင် ကစားဖို့ လိုအပ်နေကြောင်း ဘိုင်ယန်နည်းပြ နစ်ဂျယ်စမန်းက အသင်းသားတွေကို သတိပေး ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အာဆင်နယ်နည်းပြ အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေတယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလာကတော့ ချန်ပီယံလိဂ်မှာ ယခုလို နိုင်ပွဲတွေ ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ်တွေကိုလည်း အာရုံစိုက် ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ယူရိုပါလိဂ် ဆင်းကစားရမယ့် ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ ၎င်းတို့အသင်းဟာ ယူရိုပါလိဂ်မှာ ရေပန်းအစားဆုံး အသင်းမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အက်စတွန် ဗီလာ ကို ပြောင်းရွှေ့ လာတဲ့ နည်းပြသစ် အူနိုင်း အမ်မရီ ဟာ ဒီကနေ့ မှာ အသင်းသစ် ကို စတင် ကိုင်တွယ် နိုင်ဖို့ မျှော်လင့်ထားတယ် လို့ သိရပါတယ်။