ဥရောပ ထိပ်သီးကလပ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ ဘယ်လင်ဟမ် အတွက် ဒေါ့မွန်က ယူရို သန်း ရာကျော် ဈေး သတ်မှတ်

ဘွန်ဒစ်လီဂါ ကလပ် ဒေါ့မွန် အသင်းဟာ နောက်နှစ် နွေရာသီမှာ လိုချင်တဲ့ ကလပ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ် အတွက် ယူရိုသန်း ၁၅၀ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘယ်လင်ဟမ် ကို ပရီးမီးယားလိဂ်မှ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ချယ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးတို့ အပြိုင် စိတ်ဝင်စား နေကြပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ဒေါ့မွန်အတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ အပြီး ရာသီကုန်မှာ ဥရောပ ထိပ်တန်း အလိုအရှိဆုံး ကွင်းလယ်လူ တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

ယာဂန်ကလော့ပ်ဟာ ညံ့ဖျင်းတဲ့ ရာသီအစကြောာင့် သူ့ရဲ့ ကွင်းလယ်ရွေးချယ်စရာတွေကို အင်အားမြှင့်တင်ဖို့ စိတ်အား ထက်သန်နေတာနဲ့အတူ ဘယ်လင်ဟမ်ဟာ လီဗာပူးရဲ့ ထိပ်တန်းပစ်မှတ်တစ်ခု ဖြစ်နေတာပါ။

ဒါပေမယ့် ချယ်ဆီး၊ မန်စီးတီးအပြင် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုလဲ ရှိနေတာကြောင့် လီဗာပူးအနေနဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒေါ့မွန်ကတော့ ဘယ်လင်ဟမ်ကို နောက်တစ်နှစ် ဆက်ထိန်းထားဖို့ ခက်ခဲမယ်ဆိုတာ နားလည်ထားပေမယ့် ၎င်းအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၅၀ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးတို့ရဲ့ စိတ်ဝင်စားမှုကို ကောင်းကောင်းလည်း သိထားပါတယ်။

ဘယ်လင်ဟမ်က သူ့အနာဂတ်နဲ့ ပတ်သက်ပြီး “ရိုးရိုးသားသားပြောရရင် ကျွန်တော် အဲ့အကြောင်း မစဉ်းစားပါဘူး။ ပြောစရာ သတင်းခေါင်းစီးမရလို့ ခင်ဗျားတို့ ကျွန်တော့်ကို စိတ်ဆိုးကြမှာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ ဒေါ့မွန်နဲ့အတူ နောက်လာမယ့်ပွဲတွေကိုပဲ အာရုံစိုက်ထားပါတယ်။

ကမ္ဘာ့ဖလားအကြောင်းတောင် မစဉ်းစားရသေးပါဘူး။ ဒေါ့မွန်နဲ့အတူ ပွဲတွေကို အနိုင်ရဖို့ ကြိုးစားမယ်။ ပြီးမှ ဘာတွေ ဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။