လူကာကူနဲ့ ဗာနာတို့ ဂိုးတွေရအောင် နေရာပြောင်းကစားခိုင်းမယ်လို့ တူခယ်လ် ပြော

ချယ်လ်ဆီးအသင်း တိုက်စစ်သမားတွေဖြစ်တဲ့ လူကာကူနဲ့ ဗာနာတို့ တိုက်စစ်မှာ ဂိုးတွေရဖို့ ခက်ခဲနေပေမယ့် အစွန်သမားတွေ တိုက်စစ်လိုက်ပြီး ဂိုးသွင်းနိုင်နေတဲ့ အနေအထားကြောင့် နေရာပြောင်း ကစားခိုင်းရမယ်လို့ တူခယ်လ်က ဆိုပါတယ်။

ဘယ်ဂျီယံ တိုက်စစ်သမားဟာ ဒီရာသီ ၁၁ ပွဲအတွင်း ၄ ဂိုး သွင်းထားခဲ့ပြီး ဗာနာကတော့ တစ်ဂိုးပဲ သွင်းထားနိုင်တာပါ။ ချယ်လ်ဆီး အစွန်လူတွေဖြစ်တဲ့ ရိစ်ဂျိမ်းစ်နဲ့ ဘင်ချီဝဲလ်တို့ကတော့ တောင်ပံတွေမှာ ခြေစွမ်းကောင်းနေပြီး ဧရိယာထဲကို ဝင်ရောက်ကာ သူတို့ နှစ်ဦးပေါင်း ၇ ဂိုးထိ သွင်းယူထားခဲ့ပြီဖြစ်ပါတယ်။

လူကာကူဟာ နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်နေရသလို ဗာနာကလည်း ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် (၇)ပွဲ ကစားထားပြီးနောက်မှာ သွင်းဂိုး (၁)ဂိုးသာ ရှိနေရကာ တိုက်စစ်ကစားသမား (၂) ယောက်လုံး ဂိုးတွေရဖို့ ရုန်းကန်နေကြရပါတယ်။

ချယ်လ်ဆီးနည်းပြ တူခယ်လ်က “လူကာကူနဲ့ ဗာနာတို့ကို Wing-backs ကစားသမားတွေအဖြစ်နဲ့ ကျွန်တော်တို့တွေ စမ်းသပ်ကြည့်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ ” လို့ ရယ်ရယ်မောမော ပြောဆိုခဲ့ပါတယ်။

လက်တလော ချယ်လ်ဆီး ကစားကွက်မှာ အစွန်လူတွေနဲ့ တောင်ပံလူတွေ အတွဲညီညီ ကစားနိုင်နေမှုကိုလည်း တူခယ်လ်က သဘောတွေ့နေတယ်။ အစွန်သမားတွေ အကောင်းဆုံး လုပ်နေခြင်းဟာ တစ်ဦးကောင်းကြောင့် မဟုတ်ဘဲ တွဲဘက်တွေရဲ့ အကူအညီပေးမှုတွေ ပါဝင်ကြောင်းလည်း ချယ်လ်ဆီးမန်နေဂျာကြီး ထုတ်ပြောပါသေးတယ်။

” နယူးကာဆယ်နဲ့ပွဲက တကယ့်ကို ရှုပ်ထွေးတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရတယ်။ အိုဒွိုင်းအနေနဲ့ ဘောလုံးအလိမ်အခေါက်တွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် ဂျိမ်းစ်လည်း ဂိုးသွင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်မိတယ်။ ဒီလိုပဲ ဘင်ချီဝဲလ်သာ နေရာလွတ်တွေကို မဖွင့်လာနိုင်ဘူးဆိုရင်လည်း အိုဒွိုင်းက အလိမ်အခေါက်တွေကို လုပ်ဆောင်နိုင်မယ် မထင်ပါဘူး” လို့ တူခယ်လ်က ပြောဆိုသွားခဲ့ပါတယ်။