ဘရာဇီးကြယ်ပွင့်လေးကို ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်လိုက်နေကြတဲ့ အာဆင်နယ်နဲ့ ချယ်ဆီးအသင်း
ဘရာဇီးလ် ဆယ်ကျော်သက်ကြယ်ပွင့် အမ်းဒရစ်ခ် ရဲ့ ဖခင်က သားဖြစ်သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့် လပိုင်းအတွင်း ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဘရာဇီးလ်လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ တိုက်ပွဲဝင်နေတဲ့ ဥရောပ အသင်းတွေထဲ ပါဝင်နေပါတယ်။
အသက် ၁၆ နှစ်အရွယ် ပါးမီးရပ်စ်ကြယ်ပွင့်ဟာ ယခုရာသီမှာ ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ မိနစ် ၁၈၀ သာ ပါဝင် ကစားပေး ခဲ့ပေမယ့်လည်း သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ၄၅ မိနစ်တိုင်းမှာ အဓိကကျတဲ့ အကူအညီတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်းဒရစ်ခ်ဟာ ဘရာဇီးလ်နိုင်ငံမှာ နေမာလက်သစ်လို့ ချီးကျူးခြင်းခံခဲ့ရပြီးဖြစ်ပြီး ရှေ့က ဘရာဇီးလ်ကြယ်ပွင့်တွေ အတိုင်းပဲ ဥရောပကို စောစောစီးစီး ပြောင်းရွှေ့မှုပြုလုပ်သွားလိမ့်မယ်လို့ တစ်ကြိုပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပါးမီးရပ်စ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ရီးရဲလ်ဟာ တောင်အမေရိကမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားသစ်စုဆောင်းရေး ကွန်ရက်တစ်ခု ဖွဲ့စည်း ထားတာကြောင့် ဗယ်လ်ဗာဒီ၊ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုတို့လိုမျိုး ကစားသမားတွေကို ဆယ်ကျော်သက် အရွယ်မှာပဲ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ချဲလ်ဆီးအသင်းဟာ အမ်းဒရစ်ခ်ကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေး လုပ်ဆောင်နေပြီး ရီးရဲလ်မက်ဒရစ်ကိုပါ လက်ဦးမှုရယူပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတယ် လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
အမ်းဒရစ်ခ်ဟာ ကြီးမားတဲ့ ကာလရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမှာဖြစ်တာကြောင့် ပါးမီးရပ်စ်အသင်းဟာ အသက် ၁၆ နှစ်အရွယ် ကစားသမားရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ အတိုင်း ပြောင်းရွှေ့ကြေးကို တောင်းဆိုသွားဖို့ များနေတာဖြစ်ပါတယ်။
ဒီပမာဏဟာ ငယ်ရွယ်သေးတဲ့ ကစားသမားတစ်ဦးအတွက်တော့ တော်တော်လေး ကြီးမားတဲ့ပမာဏဖြစ်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့ လကမှ စီနီယာကစားသမားဘဝ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ အမ်းဒရစ်ခ်ဟာ အသက် ၁၈ နှစ်ပြည့်မယ့် ၂၀၂၄ ခုနှစ် မတိုင်ခင်အထိ ဥရောပကို ပြောင်းရွှေ့နိုင်မှာတော့ မဟုတ်သေးပါဘူး။