ဖိအားတွေ များခဲ့တယ် ဆိုတဲ့ ဟာလန်းရဲ့ ပင်နယ်တီ၊ နှုတ်ဆက်သွားတဲ့ ပီကေး၊ ကမ္ဘာ့ဖလား လွဲဦးမယ့် သူနဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ ယူရိုပါလိဂ် အုပ်စုဗိုလ် မဖြစ်ခဲ့တာကြောင့် ဖေဖော်ဝါရီထဲမှာ play off နှစ်ကျော့ ကစားရမှာ ဖြစ်ပေမယ့် ဒါက ကစားသမားတွေ ဆက်လက်တိုးတက်ဖို့ အခွင့်အရေးတွေ ရရှိစေနိုင်လိမ့်မယ်လို့ နည်းပြတန်ဟက်က အကောင်းမြင်စကား ဆိုလိုက်ပါတယ်။

အင်တာမီလန် အသင်းတိုက်စစ်မှူး လူကာကူတစ်ယောက် လက်ရှိ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် လုံး၀ သက်သာလာဖွယ် မရှိသေးကြောင်း သတင်းရရှိပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းနောက်ခံလူ ဒေးဗီးစ် တစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကို လွဲချော် ရနိုင်ခြေ ရှိတယ်ဆိုပြီး နည်းပြ နစ်ဂျယ်စမန်းက ပရိသတ်တွေကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။

ဖူဟမ်အသင်းဘက်ကို နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှ ပင်နယ်တီ ကန်သွင်းယူခဲ့ရတာက များစွာ စိတ်ဖိစီးမှု ခံခဲ့ရကြောင်း ဟာလန်းက ညက ပွဲအပြီးမှာ ဖွင့်ဟသွားခဲ့ပါတယ်။ ထိုပွဲမှာ မန်စီးတီးက တစ်ယောက် ထုတ်ခံထားရပေမယ့် အဆုံးမှာ ၂-၁ နဲ့ အနိုင်ရခဲ့တာပါ။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ အသင်းကွင်းလယ်ကစားသမား ဖီးလစ်တစ်ယောက် မကြာခင် အချိန်အတွင်း အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မှာ ဖြစ်ကြောင်း အသိပေး ပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက အယ်လ်မီရီယာကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ပီကေးတစ်ယောက် မိနစ် ၈၀ ကျော်အထိ ဘာစီလိုနာ အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးသွားပြီး ဘောလုံးလောကမှ မျက်ရည်များနဲ့ နှုတ်ဆက် ထွက်ခွါသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ ဒီမာရီယာနဲ့ ဘရီမာတို့ ပြန်လည် သက်သာလာခဲ့ကြပေမယ့် တိုက်စစ်မှူး ဗလာဟိုဗစ်တစ်ယောက်တော့ ဆက်လက်အနားယူရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒေါ့မွန်အသင်းဟာ ဥရောပထိပ်သီးအသင်းကြီးအချို့ရဲ့ ချိတ်ဆက်ခြင်း ခံနေရတဲ့ ကြယ်ပွင့်ကစားသမားလေး မူကိုကို ကို စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။