ပရီးမီးယားလိဂ်မှာ ဒီနှစ် ၂ဝ အတွင်း ဘယ်အသင်း အအောင်မြင်ဆုံးလဲ ဆိုတာ ရွေးထုတ် ပြောဆိုလိုက်တဲ့ ဂျိုကိုးလ်
ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့မှာ ကစားဖူးခဲ့တဲ့ ကွင်းလယ် ကစားသမားဟောင်း ဂျိုကိုးလ်ကတော့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပရီးမီးယားလိဂ် အသင်းတွေထဲ ဘယ်အသင်းက အအောင်မြင်ဆုံးလဲ ဆိုတာကို ပြောဆိုသွားခဲ့ပါတယ်။
ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်ပြီးနောက် ဥရောပအောင်မြင်မှုဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီမှာ အနည်းငယ် ရုန်းကန်နေရပေမယ့် ဂျိုကိုးလ်ကတော့ ချဲလ်ဆီးအသင်းကသာ ပြီးခဲ့တဲ့ နှစ် ၂၀အတွင်း အအောင်မြင်ဆုံး လို့ ဆိုလိုက်ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းကို မကြာခင် အချိန်အတွင်း ကျော်တက်သွားဖွယ် ရှိနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဂျိုကိုးလ်က “ လက်ရှိ ရာသီ အနေအထားကို သုံးသပ်ကြည့်ရင် အာဆင်နယ်အသင်း လုပ်ပြနေတာက အထင်ကြီးစရာ ကောင်းလွန်းလှပါတယ်၊ သူတို့ ကစားတဲ့ပွဲတွေကို ကြည့်ရတာလည်း စိတ်ချမ်းသာစရာပါပဲ၊ ဒါက အာဆင်နယ်နဲ့ ပါတ်သက်ပြီး ကျွန်တော် အရင်တုန်းက မပြောဖြစ်တာ ကြာနေပြီဖြစ်တဲ့ ချီးကျူးမှုတွေပါ။
နည်းပြ အာတီတာ လုပ်ပြနေတဲ့ အရာတွေကိုလည်း ကျွန်တော် နှစ်သက်သလို အခုလို လူငယ်တွေနဲ့ အသင်းကို တည်ဆောက်နေတာကို ကြည့်ရတာကလည်း ကျေနပ်စရာပါပဲ၊ ”
“ ဒါပေမယ့် ချဲလ်ဆီးကလည်း ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း မတူညီတဲ့ အဆင့်အတန်းတစ်ခုအထိကို တက်လှမ်း လာနိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းဆိုလည်း မမှားပါဘူး။
ကျွန်တော် ခံစားမိတာကတော့ မကြာခင် အချိန်အတွင်း ချဲလ်ဆီးက အာဆင်နယ်ကို ကျော်တက်နိုင်တော့မှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အေဗရာမိုဗစ်လက်ထက်တုန်းက ချဲလ်ဆီးအသင်းမှာ ကစားခွင့်ရခဲ့တဲ့ ဂျိုကိုးလ်ဟာ လက်ရှိ အသင်းပိုင်ရှင် တော့ဒ်ဘိုးလေ ရဲ့ အစီအမံတွေကိုလည်း အားပေးထောက်ခံနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းရဲ့ ရေရှည်အုတ်မြစ်တွေကို စတင်ထူထောင်နေတဲ့ အသင်းပိုင်ရှင် ဘိုးလေ ရဲ့ ဆုံးဖြတ်ချက်ကောင်း တွေကြောင့် အသင်းက အမြင့်ဆုံး အနေအထားအထိ ရောက်လာနိုင်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။