မန်စီးတီး နောက်ဆုံးမိနစ်မှာ ပင်နယ်တီရဖို့ ဒီဘရိုင်း ဒိုင်ဗင်ပစ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ မနေ့ညက ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ အသင်းပင်နယ်တီရရှိဖို့ ဒိုင်ဗင်ထိုးခဲ့ကြောင်း ပရိသတ်အချို့က စွပ်စွဲနေကြပါတယ်။

ဒီပွဲမှာ မန်စီးတီးတို့ ပွဲကစားချိန် နောက်ဆုံးမိနစ်ရဲ့ နာကျင်အချိန်ပိုမှ ပင်နယ်တီရရှိခဲ့ပြီး ဟာလန်းရဲ့ ဒီပင်နယ်တီ သွင်းဂိုးနဲ့ပဲ အနိုင်ရရှိခဲ့တာပါ။

ဖူလ်ဟမ် ဘယ်နောက်ခံလူ ရော်ဘင်ဆင်က ပင်နယ်တီဧရိယာအစပ်မှာ ဒီဘရိုင်းကို နောက်ကနေ ခြေထောက် ချိတ်မိခဲ့တာဖြစ်ပြီး ဒီဘရိုင်းကလည်း လဲကျသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့တာပါ။

ရော်ဘင်ဆင်ကလည်း အန္တရာယ်မများတဲ့ အနေအထားမှာဖျက်ထုတ်လိုက်တာဖြစ်ပြီး သူ့ကို ဝေဖန်နေကြသလို ဒီဘရိုင်း ကလည်း သာမန်ထိတွေ့မှုမှာ မလိုအပ်ဘဲ ချက်ချင်း ဒိုင်ဗင်ထိုးခဲ့တယ်လို့ ပရိသတ်အချို့က စွပ်စွဲနေကြပါတယ်။

တွစ်တာအသုံးပြုသူ ပရိသတ်တွေက “ဒီဘရိုင်းက ပါးပါးနပ်နပ်နဲ့ပဲ လုပ်ပြသွားခဲ့တာပါ။ ဒါပေမယ့် သူ့နေရာမှာ ဆာလာက ဒါမျိုးလုပ်ခဲ့ရင် ဘယ်လိုတွေအပြောခံရမလဲ စဉ်းစားကြည့်ပေါ့”

“ဒီဘရိုင်းရဲ့ဖြစ်ရပ်က ပင်နယ်တီရပြီး ဆန်ချိုရဲ့ဖြစ်ရပ် (ယူနိုက်တက်နဲ့နယူးကာဆယ်ပွဲ) တုန်းက ပင်နယ်တီမရခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကိုယ်တိုင်က သူတို့လိဂ်ကို သူတို့ နှစ်တိုင်းဖျက်ဆီးနေတာပါ” လို့ အသီးသီး ဝေဖန်ခဲ့ကြပါတယ်။

မန်စီးတီးဟာ ဒီပွဲမှာ အယ်လ်ဗာရက်ဇ်ရဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ကန်ဆယ်လို တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ပင်နယ်တီပါပေးခဲ့ရတာကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာပါ။

အခု ဒီဘရိုင်းရဲ့ဖြစ်ရပ်ကနေ ရရှိလာတဲ့ ပင်နယ်တီကို လူစားဝင်တိုက်စစ်မှူး ဟာလန်းက ကန်သွင်းယူကာ မန်စီးတီးတို့ အနိုင် ၃မှတ်ပြည့် ရခဲ့တာကြောင့် အာဆင်နယ်တို့ ဒီကနေ့ညနေ ချဲလ်ဆီးနဲ့ အဝေးကွင်းမှာ မရင်ဆိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။