ရှက်စရာတောင် ကောင်းခဲ့တဲ့ ချဲလ်ဆီး ကစားသမားတွေ အကြောင်း ဝေဖန်သွားတဲ့ အလန်ရှီးယား
မနေ့ည အစောပိုင်းက ကစားခဲ့တဲ့ လန်ဒန်ဒါဘီမှာ ချဲလ်ဆီး အသင်းဟာ အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ အဖက်ဖက်က မယှဉ်နိုင်ခဲ့ပဲ ၀ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့လို့ နောက်ဆုံး ပရီးမီးယားလိဂ် ၄ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပြီ ဖြစ်ပါတယ်။
ဒဏ်ရာ ပြဿနာ အများအပြား ရှိနေပေမယ့် အကောင်းဆုံးနီးပါး ဖြစ်တဲ့ ကစားသမား အင်အားကို ချဲလ်ဆီးတို့ ထုတ်သုံးသွားခဲ့ပေမယ့် အသင်း တဝက်လောက် အသက်ကြီး ကစားသမားတွေ ရှိနေတဲ့ ချဲလ်ဆီးတို့ ငယ်ရွယ်ဖျတ်လတ်တဲ့ အာဆင်နယ်ကို ပွဲအရှိန် မြင့်လာတာနဲ့ အမျှ ဘယ်လိုမှ ယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
အထူးသဖြင့် ညာခြမ်းက အက်ဇ်ပီလီကွီတာရဲ့ နေရာက ပွဲအချိန် အများစု ထိန်းချုပ်ရ ခက်ခဲခဲ့ကာ ဘယ်ခြမ်းက ကူကူရယ်လာကလည်း ဘရိုက်တန်က ခြေစွမ်းမျိုးနဲ့ လုံးဝ နီးစပ်ခဲ့ခြင်း မရှိပါဘူး။ ကြားရက်က အရန်နဲ့ လူငယ်တွေ နေရာပေးခဲ့ရမယ့် ပွဲမျိုးမှာ လူစုံ ထုတ်သုံးခဲ့တဲ့ ဂရေဟမ် ပေါ်တာရဲ့ ဆုံးဖြတ်ချက်က ဒီပွဲမှာ သက်ရောက်မှု ကြီးမားခဲ့ပါတယ် ။

ပွဲအပြီး BBC အစီအစဉ်မှာ နယူးကဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယား က အာဆင်နယ်ဖက်ကို ဂိုးပေးခဲ့ရတဲ့ ထောင့်ကန်ဘောမှာ ဘောလုံး မရှင်းနိုင်ခဲ့တဲ့ ချဲလ်ဆီး ကစားသမားတွေကို ဝေဖန်သွားပါတယ်။
ရှီးယား က ” ချဲလ်ဆီးဖက်က ကြည့်ရင် ဒါက ရှက်စရာကောင်းပါတယ် ။ ဂိုးပေးခဲ့ရတဲ့ ထောင့်ကန်ဘောက ဖြတ်တင်ဘောဟာ သေသပ်လှပတဲ့ ဖြတ်တင်ဘောတောင် မဟုတ်ပါဘူး ။ ဒီတော့ ပင်နယ်တီ ဧရိယာ အတွင်းက ချဲလ်ဆီး ကစားသမား အများအပြား ဒီဘောလုံးကို ရှင်းထုတ်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။ ကိုင်ဟာဗက်ဇ် ဒါမှမဟုတ် ဆေးလ်ဗားပေါ့ ။ ”
” ဂိုးသမား အတွက် ဒီနေရာမှာ တားဆီးခွင့် လုံးဝ မရှိခဲ့ပါဘူး ။ ကူကူရယ်လာကို ကြည့်ပါ ။ အဲဒီအချိန် သူဆို လှုပ်တောင် မလှုပ်ခဲ့ပါဘူး ။ ဒီအတိုင်းပဲ ရှာကာကို ထိန်းပြီး ရပ်ကြည့်နေခဲ့တာပါ ။ သူ့ဆီကနေ ဘာဆိုဘာမှ ကြိုးစားအားထုတ်မှု ဆိုတာ မမြင်ခဲ့ရပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။