ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို ဘယ်အင်္ဂလန်ကလပ်တွေ တက်ရောက်သွားနိုင်လဲ သုံးသပ်ခန့်မှန်းတဲ့ ဆောင်းနက်
မနေ့ညနေကပဲ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် မဲခွဲရလဒ်တွေ ထွက်ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဂရေမီ ဆောင်းနက် က အင်္ဂလန်ကလပ်တွေထဲက ဘယ်အသင်းတွေ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုက်နယ် အဆင့်ကို တက်ရောက်နိုင်လိမ့်မလဲ ဆိုတာ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
ဆောင်းနက်က ချဲလ်ဆီး မန်စီးတီး နဲ့ တော့တင်ဟမ် တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုက်နယ် အဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ဆိုလိုက်ပြီး သူ့ရဲ့ အသင်းဟောင်း လီဗာပူး ကတော့ နောက်ဆုံး ၈ သင်း အဆင့်ကို တက်ရောက်နိုင်ရန် မသေချာဘူးလို့ ပြောသွားပါတယ်။
မနေ့ညက ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲပွဲမှာ လီဗာပူးဟာ အရမ်းကို ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ မဲကျခဲ့ပြီး မနှစ်က ချန်ပီယံလိဂ် ဖိုင်နယ်မှာ တွေ့ဆုံခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မကျေပွဲ ပြန်ကန်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးက ဒေါ့မွန် ၊ မန်စီးတီးက RB လိုက်ပ်ဇစ် နဲ့ စပါးက အေစီမီလန် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဆောင်းနက်က “ကျနော်ကတော့ စပါး ချဲလ်ဆီး နဲ့ မန်စီးတီး တို့ဟာ နောက်တဆင့် အတွက် အိုကေလိမ့်မယ်လို့ ထင်ပါတယ်။ စပါးနဲ့ တွေ့ဆုံမယ့် မီလန်ဟာ ဟိုးအရင်တုန်းကလို တကယ့် ထိပ်တန်း အသင်းကြီး မဟုတ်တော့ပါဘူး။
လီဗာပူးကတော့ ဥရောပမှာ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတဲ့ သမိုင်းက ရှိထားခဲ့ပါတယ်။ သူတို့ဟာ ပြည်တွင်းပြိုင်ပွဲမှာ ကောင်းကောင်း မလုပ်ပြနိုင်ခဲ့တဲ့ ရာသီမှာတောင် ဥရောပမှာ ကောင်းကောင်း လုပ်ပြနိုင်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ သူတို့ဟာ အနိုင် ကစားနိုင်တဲ့ နည်းလမ်းကို ရှာဖွေနိုင်တဲ့ ပုံစံမျိုးပါပဲ။
ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ လီဗာပူးတို့ ဘယ်လို ခြေစွမ်းနဲ့ ထွက်ပေါ်လာမလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ စပါးနဲ့ ပွဲက လီဗာပူးရဲ့ ပထမပိုင်း ခြေစွမ်းကို ကျနော် ကြည့်ဖြစ်ခဲ့ပါတယ်။
သူတို့ဟာ ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိတဲ့ ပုံစံဖြစ်ကာ တအားကို ထက်မြက်ခဲ့ပါတယ်။ ဒီလိုပုံစံမျိုးသာ ကစားနိုင်မယ်ဆိုရင် သူတို့ဟာ ကမ္ဘာပေါ်က ဘယ်အသင်းကို မဆို ပျော်ပျော်ကြီး ရင်ဆိုင်နိုင်ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့ဟာ တော့တင်ဟမ်ရဲ့ လွှမ်းမိုး ကစားမှုကို ခံခဲ့ရကာ အနိုင်ရဖို့အတွက် ခက်ခဲစွာ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ လီဗာပူးတို့ ဘယ်လို ခြေစွမ်းနဲ့ ထွက်ပေါ်လာမလဲ ဆိုတာ မူတည်နေပါတယ်။ ပထမပိုင်း ခြေစွမ်းနဲ့ဆို သူတို့ ရီးရဲလ်ကို ကျော်ဖြတ်နိုင်ပေမယ့် ဒုတိယပိုင်း ခြေစွမ်း အရတော့ မသေချာပါဘူး။” လို့ ပြောဆိုလိုက်ပါတယ်။