သူမကြိုက်တဲ့သူ ထွက်ထွက်၊ မထွက်ထွက် လူသစ် ဝယ်ဖို့ ပြင်ဆင်လာတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ဆောင်းရာသီမှm ညာနောက်ခံလူသစ်တစ်ဦး ခေါ်ယူသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီယိုဂိုဒါလော့ဟာ နည်းပြတန်ဟတ်လက်အောက်မှာ ပထမဦးစားပေး ညာနောက်ခံလူအဖြစ် ခြေစွမ်းပြသလျက်ရှိပြီး ဒီရာသီ ၁၉ ပွဲထိ ကစားထားရတဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်နေပါတယ်။

ဒါပေမယ့် နည်းပြတန်ဟတ်က နေရာတစ်ခုမှာ ပိုမိုပြိုင်ဆိုင်မှု များလာစေဖို့ လာမယ့်ဆောင်းရာသီမှာ ဝမ်ဘစ်ဆာကာကို ရှင်းထုတ်ဖို့ ကြိုးစားမှာ ဖြစ်ပြီး မရောင်းနိုင်ရင်တောင်မှ ညာနောက်ခံလူသစ် တစ်ဦးတော့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာကို နည်းပြအိုလီဂန်နာဆိုးလ်ရှား လက်အောက် ၂၀၁၉ တုန်းက ခရစ္စတယ် ပဲလေ့စ်ကနေ ပေါင်သန်း ၅၀ ထိပေးပြီး ခေါ်ယူခဲ့ရပေမယ့်လည်း မေလမှာ တန်ဟတ်ရောက်လာပြီးနောက်ပိုင်း အသင်းမှာအရေးပါမှု လျော့ကျသွားခဲ့ပါတယ်။ ဒီရာသီမှာဆိုရင်လည်း ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး ၄ မိနစ် သာ ကစားနိုင်ပါသေးတယ်။

သြဂုတ်လတုန်းက လီဗာပူးကို ၂-၁ နဲ့ နိုင်တဲ့ပွဲရဲ့ ပွဲချိန်နှောင်းပိုင်းကျမှ လူစားဝင်ခွင့်ရခဲ့တာပါ။ အခုတော့ အသင်းနဲ့ အတူ ထရိန်နင်ပြန်ဆင်းနေတာ ၃ ပတ်ခန့်ရှိပြီဖြစ်ပေမယ့် လူစာရင်းထဲမှာ တစ်ပွဲသာပါဝင်ခွင့် ရထားပြီး ပြီးခဲ့တဲ့တစ်ပတ်က ဆိုစီဒက်နဲ့ပွဲမှာလည်း လူစားဝင်ခွင့်တောင် မရခဲ့ပါဘူး။

မနက်ဖြန်ညမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ကာရာဘောင်ဖလား တတိယအဆင့်မှာတော့ ဝမ်ဘစ်ဆာကာကို ပြန်လည်မြင်တွေ့ရဖွယ် ရှိပါတယ်။ ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးကစားရမယ့် ဖူလ်ဟမ်နဲ့လိဂ်ပွဲစဉ်မှာလည်း ဒါလော့က ပွဲပယ်ပြစ်ဒဏ်ရှိနေပြန်ပါတယ်။

အဲ့ဒါကြောင့် နည်းပြတန်ဟတ်အနေနဲ့ ဘယ်နောက်ခံလူ တိုင်ရယ်မာလာစီယာကို ဗဟိုခံစစ်နေရာမှာ ဗစ်တာ လင်ဒီလော့ဖ်နဲ့ တွဲထုတ်ဖွယ်ရှိပြီး ဝမ်ဘစ်ဆာကာကိုလည်း ပထမဆုံးအဖြစ် လိဂ်ပွဲထွက်ခွင့်ပေးနိုင်ဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ နွေရာသီကတည်းက ဝမ်ဘစ်ဆာကာအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ အသင်းဟောင်း ပဲလေ့စ်တို့က ခံစစ်ကစားသမားကို ခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပါတယ်။

ဒါပေမယ့် ဝမ်ဘစ်ဆာကာ ထွက်ထွက်၊ မထွက်ထွက် နည်းပြတန်ဟတ်ကတော့ ညာနောက်ခံလူသစ်တစ်ဦးတော့ သေချာပေါက် ခေါ်ယူနိုင်ပါတယ်။