ကာရာဘောင်းကနေ ထွက်ရပြီ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါး၊ တပွဲကစားနိုင်ရင် ရွေးခံရမယ့် လူကာကူ၊ ပြန်လာမယ့် ဟာဇက်နဲ့ နံနက်ခင်း ဘောလုံး သတင်းများ

ညက ကစားခဲ့ကြတဲ့ ကာရာဘောင်း ဖလား တတိယအဆင့် ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းက ဘရိုက်တန် အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခွါခဲ့ရပြီး ချဲလ်ဆီးကလည်း မန်စီးတီးကို ၂ ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။

စပါးအသင်းကလည်း နော့တင်ဟမ် ဖောရက်စ်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီး လီဗာပူးလ်ကလည်း ဒါဘီနဲ့ မိနစ် ၉၀ အထိ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ နောက်တစ်ဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

နယူးကာဆယ် အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ချဲလ်ဆီးကစားသမားဟောင်း အီဒင်ဟာဇက်ကို လာမယ့် ဈေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စား နေတယ်လို့ စပိန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းနည်းပြ မာတီနက်ဇ်ကတော့ လက်ရှိ ဒဏ်ရာရရှိနေတဲ့ လူကာကူသာ လာမယ့် ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ အနက် တစ်ပွဲလောက် ပါဝင်ကစားရုံနဲ့တင် အသင်းလူစာရင်းထဲ ထည့်သွင်းပေးသွားဖို့ ဆုံးဖြတ်ထားကြောင်း အသိပေး ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ ဘရိုက်တန်ကို မိမိတို့ မရှံးသင့်ပဲ ရှုံးနိမ့်ခဲ့ရကြောင်း၊ အသင်း လူစာရင်း အားနည်းလွန်းတာကြောင့် လူထပ်ဝယ်ဖို့ လိုကြောင်း ပြောဆိုသွားခဲ့ပါတယ်။

စပါးနည်းပြ ကွန်တီကတော့ ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အသင်းသားတွေရဲ့ လျော့တိလျော့ရဲ ကစားဟန်အပေါ် ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

မန်စီးတီး အသင်း ကွင်းလယ်လူ ဖီးလစ်ကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် အင်္ဂလန်နဲ့အတူ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။