ခြေတက်နေတဲ့ အသင်းတွေနဲ့ အတူ ပရီးမီးယားလိဂ်ကို တကျော့ပြန်လာဖွယ် ရှိတဲ့ အီဒင်ဟာဇက်

နယူးကာဆယ် နဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ချဲလ်ဆီးကစားသမားဟောင်း အီဒင်ဟာဇက်ကို လာမယ့် ဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ အတော်လေးကို ထွန်းတောက်ခဲ့တဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်မှာပဲ ယူရိုသန်း(၁၅၀)ဝန်းကျင်နဲ့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

ဟာဇက်အတွက် တကယ့်ကို ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ရပေမယ့်လည်း မက်ဒရစ်မှာ သူရဲ့ တောက်ပမှုတွေ ကို ပိုမို တောက်ပလာအောင် မလုပ်ဆောင်ပဲ ဒဏ်ရာပြသာနာများစွာနဲ့သာ လုံးပန်းနေခဲ့ရရင်းနဲ့ သူရဲ့ကစားသမားဘဝကို ဒုက္ခရောက်သွားခဲ့ရပါတယ်။

ဟာဇက်က သူရဲ့ ရီးရဲလ်ကစားသမားဘဝ (၃)နှစ်ခွဲအတွင်းမှာ ဒဏ်ရာပြသာနာများစွာကြောင့် ရီးရဲလ်အသင်းရဲ့ ပွဲစဉ်ပေါင်း (၇၂)ပွဲအထိတောင်ပင် လွဲချော်ထားခဲ့ရပါတယ်။ ဒါကြောင့်လည်း နည်းပြ အန်စလော့တီကလည်း ဟာဇက် ထက် ဗင်နီစီယပ်စ်နဲ့ ရိုဒရီဂိုတို့ကိုသာ နေရာပေးလာခဲ့ပါတယ်။

လက်ရှိမှာ ပုံမှန်ခြေစွမ်းမျိုးတောင် ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဟာဇက်ကို နယူးကာဆယ်နဲ့ ဗီလာအသင်းတွေက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ အပြိုင် စိတ်ဝင်စားနေကြပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ဟာဇက်ကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်က လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း Top 4 ဝင်ခွင့်ရရှိနေသလို ဗီလာမှာလည်း ထိပ်တန်းနည်းပြတစ်ဦးဖြစ်တဲ့ အူနိုင်းအမ်မရီ ကိုင်တွယ်နေတာဖြစ်လို့ ဒီအသင်းတွေက ဟာဇက်အတွက် ရွေးချယ်ချင်စရာတွေ ဖြစ်လာနိုင်ပါတယ်။