ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဘယ်အသင်းတွေ ဝင်မလဲ သုံးသပ်ခန့်မှန်းသွားတဲ့ ဂန်းနားဟောင်းကြီး ပီတစ်

အာဆင်နယ်နဲ့ ချဲလ်ဆီး ကစားသမားဟောင်း အီမန်နူရယ်ပီတစ်ဟာ ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းမှု ပြုလုပ်သွားခဲ့ကာ အဲရစ်တန်းဟတ် အနေနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်ရဲ့ အထက်မှာ မထားသွားရန် သတိပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် Top 4 ဘယ်အသင်းတွေ ရသွားမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ပီတစ်က အခုလို သုံးသပ် ပြောဆိုခဲ့တာပါ။

“ချဲလ်ဆီး အနေနဲ့ တုန့်ပြန်မှု လုပ်သွားဖို့ လိုအပ်ပါတယ်။ top 4 ဝင်ချင်တယ် ဆိုရင် သူတို့ အနေနဲ့ ရမှတ်တွေ စုဆောင်းသွားနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်မှုက ပြင်းထန်မှာပါ။ ချဲလ်ဆီးဟာ အဝေးကြီးကို ရောက်နေပါတယ်။ အမှတ်တွေ ဘယ်လိုပဲ ရရ ကိစ္စမရှိပါဘူး။ သူတို့ နိုင်ပွဲတွေပဲ လိုအပ်တာပါ။

ကျွန်တော့်ရဲ့ အမြင်ကတော့ မန်ချက်စတာစီးတီးဟာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။ အာဆင်နယ်က ဒုတိယ နေရာနဲ့ အဆုံးသတ်မှာပါ။ လီဗာပူးက တတိယ နေရာကို ရရှိမှာ ဖြစ်ပြီး နယူးကာဆယ်ဟာ တော့တင်ဟမ် ချဲလ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက် တို့ကို ကျော်ကာ top 4 ဝင်ခွင့် ရသွားပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် တို့မှာ ဒုတိယနေရာ ရရှိခဲ့တဲ့ အပြင် ပြည်တွင်းဆုဖလား ၂ လုံး ပိုင်ဆိုင်နိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီရာသီ မစခင်တုန်းကလည်း ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ထပ်မံ စိန်ခေါ်နိုင်မယ်လို့ လူတွေ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ကလော့ရဲ့ အသင်းဟာ ဒီရာသီမှာ တာထွက်ဆိုးရွားခဲ့ပြီး top 4 နေရာနဲ့ ၇ မှတ် အကွာကို ရောက်နေခဲ့ပါတယ်။ ပီတစ်က လီဗာပူးဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် တအားကို နောက်ကျသွားပြီလို့ သုံးသပ်သွားပါတယ်။