မန်စီးတီး – လီဗာပူးတို့ ထိပ်တိုက်တွေ့မှု အပါအဝင် ကာရာဘောင်းဖလား မဲခွဲမှုတွေ ထပ်မံ ထွက်ပေါ်

ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို မနေ့ညက မဲခွဲခဲ့ရာမှာတော့ အသင်းကြီးတွေ သိပ်မကျန်တဲ့ ပြိုင်ပွဲအတွင်းမှာ အသင်းကြီးချင်း ထပ်မံတွေ့ဆုံမှုအဖြစ် မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့နေပါတယ်။

မန်ချက်စတာစီးတီးတို့အနေနဲ့ ပြီးခဲ့တဲ့ တတိယအဆင့်မှာ ချဲလ်ဆီးနဲ့ ကစားခဲ့ရသလို ကမ္ဘာ့ဖလားအပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကစားရမယ့် ပွဲစဉ်မှာလည်း ပွဲကြပ် ထပ်မံ ကြုံတွေ့နေခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ဒါဘီကို ပင်နယ်တီနဲ့ နိုင်ခဲ့တဲ့ လီဗာပူးလ်တို့နဲ့ အိမ်ကွင်း အစ်တီဟတ်မှာ ကစားရဖို့ ဖြစ်လာခဲ့ပြီး အသင်းကြီးဆိုလို့ သူတို့နဲ့ မန်ယူနိုက်တက်တို့ သုံးသင်းသာ ကျန်တော့တဲ့ ဒီပြိုင်ပွဲမှာ တခြားအသင်းတွေရဲ့ စိန်ခေါ်နိုင်မှုတွေကို ပိုမို လမ်းပွင့်သွားစေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ သူတို့ကို လောလောလတ်လတ် အနိုင်ယူထားခဲ့တဲ့ အက်စ်တန်ဗီလာကို အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးမိုးရွာပြီး အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ကတော့ နောက်တစ်ဆင့်မှာ ပရီးမီးယားလိဂ်က တန်းဆင်းသွားခဲ့တဲ့ ဘန်လေအသင်းနဲ့ အိမ်ကွင်းမှာပဲ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပြီး ပွဲချောင်နေပါတယ်။

ကျန်အသင်းတွေထဲမှာတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်း အပြနိုင်ဆုံးတစ်သင်းလို့ ဆိုလို့ရတဲ့ ဆော်ဒီပိုင် နယူးကာဆယ် အသင်းက အိမ်ကွင်းမှာ ဘုန်းမောက်ကို ဧည့်ခံကစားရမှာဖြစ်ပြီး အက်ဒီဟောင်းနဲ့ သူ့ကစားသမားတွေ နောက်တစ်ဆင့် တက်နိုင်ဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။

လက်စတာစီးတီးအသင်းကတော့ အဝေးကွင်းမှာ MK ဒွန်းစ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ပင်နယ်တီနဲ့ ကျော်ဖြတ်လာခဲ့တဲ့ ဂီလင်ဟမ်ကို အိမ်ကွင်း မိုလီနူးမှာ လက်ခံကစားရဖို့ ရှိနေသလို ဆောက်သမ်တန်တို့ကတော့ လင်ကွန်း စီးတီးနဲ့ စိန့်မေရီမှာ ကစားကြရမှာပါ။

လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်အသင်းတွေ ပြုတ်သွားခဲ့ကြချိန်မှာ တစ်သင်းသာ ကျန်တော့တဲ့ လန်ဒန်ကိုယ်စားပြု ချာလ်တန် အက်သလက်တစ်အသင်းကတော့ အိမ်ကွင်း သည်ဗဲလီးမှာ အာဆင်နယ်ကို အမ်းမရိတ်မှာ ဖြုတ်ခဲ့တဲ့ ဘရိုက်တန် အသင်းနဲ့ လက်ခံကစားရမှာဖြစ်ပေမယ့် ကွာတားဖိုင်နယ်ကိုတော့ လန်ဒန်အသင်းတွေ ပါမလာနိုင် လောက်ဘူးလို့ပဲ ခန့်မှန်းရမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ပွဲအဖြစ်တော့ စပါးစ်ကို ကျော်ဖြတ်လာတဲ့ နော့တင်ဟမ် ဖောရက်စ် က ဘလက်ဘန်း ရိုဗာစ် အသင်းကို သွားရောက်ယှဉ်ပြိုင်ရမှာပါ။