ကမ္ဘာ့ဖလား ကာလမှာ အဆင့် ၁ ဖြစ်နေမယ့် ဂန်းနားများ၊ ရှာကာ လူစားလဲ ကိစ္စ၊ VAR ကို အပြစ်တင်တဲ့ ဝုဗ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ် အသင်းဟာ ဒီနေ့ မနက်မှာ ဝုဗ် အသင်းကို အသင်း ခေါင်းဆောင် မာတင် အိုဒီဂတ် ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ အနိုင် ရသွားခဲ့ပြီး ဒုတိယ နေရာက လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို ၅ မှတ် အထိ ဖြတ်ထား လိုက်နိင်ပါတယ်။
ထိုပွဲမှာ ပထမပိုင်း ပွဲ ကစားချိန် မိနစ် ၂၀ မပြည့်ခင် အချိန်မှာတင် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ကို လူစားလဲ လိုက်ရပြီး ဒါက ကစားသမားရဲ့ အစာအိမ်ပြသနာကြောင့် ဖြစ်ကြောင်း နည်းပြ အာတီတာက ရှင်းလင်းခဲ့ပါတယ်။
ညကပွဲမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ် နေချိန်မှာ ဂွီဒက်စ် ဟာ ဆာလီဘာ ရဲ့ ဖျက်ထုတ်မှုကြောင့် ဂိုးဧရိယာ အတွင်းလဲကျသွားခဲ့ပေမယ့် စည်းကြပ်ဒိုင် ကတော့ လူကျွံဘော အဖြစ်ပဲ သတ်မှတ် ပေးခဲ့ပါတယ်။ VAR ပြန်ကြည့်ချိန်မှာ ဂွီဒက်စ် ဟာ လူကျွံ အနေအထားမှာ ရှိမနေခဲ့ပေမယ့် ဆုံးဖြတ်ချက် ကို ပြန်လည် ပြောင်းလဲခဲ့ခြင်းတော့ မရှိပါဘူး။
ပွဲအပြီးမှာတော့ ဝုဗ်ယာယီ နည်းပြ စတိဗ်ဒါးဗစ် က VAR ကြောင့် သူတို့ အသင်း နစ်နာ ခဲ့ရတယ်လို့ ပြောကြား သွားခဲ့ပါတယ်။

ဝုဗ်နဲ့ ပွဲ ပြီးတဲ့နောက် အာဆင်နယ် ကစားသမား ၁ဝ ယောက်က ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အသီးသီး ထွက်ခွာသွားကြမှာ ဖြစ်ပါတယ်။
ကမ္ဘာဖလား ကာလအတွင်းမှာ အာဆင်နယ်က အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ ဆက်လက် ရပ်တည် သွားနိုင်ခြင်းအတွက် အာဆင်နယ် နည်းပြ အာတီတာက ဝမ်းမြောက်နေပြီး ပရိသတ်တွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေကြောင့် အသင်းက ပြောင်းလဲလာကြောင်း ပြောဆိုခဲ့ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ သူ့အသင်း လူစာရင်းက အင်အားနည်းလွန်းတယ်လို့ ပြောဆိုသွားပြီး ဇန်နဝါရီမှာ ကစားသမားသစ်တွေ ထပ်မံ ဝယ်ယူအားဖြည့်ဖို့ ဘုတ်အဖွဲ့ထံ သတင်းစကား ပါးခဲ့ပါတယ်။