တန်ဟက်နဲ့ ရွန်းနီကို တည့်ဖဲ့လိုက်ပြီး မန်ချက်စတာမှာ သူ သစ္စာဖောက်ခံနေရတယ် လို့ စီ ရော်နယ်ဒို ဖော်ထုတ်
စီရော်နယ်ဒိုက ဗြိတိန် ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ပီးယာ့စ် မော်ဂန်နဲ့ သီးသန့် အင်တာဗျူး အစီအစဉ်တစ်ခုမှာ မန်ချက်စတာ ယူနိုက်တက်မှာ သူ့ရဲ့ မကျေနပ်မှုတွေနဲ့ ပတ်သတ်ပြီး ထုတ် ပြောလာခဲ့ပါတယ်။
” ကျွန်တော် ယူနိုက်တက်ကို ချစ်တယ်၊ ပရိသတ်တွေကိုလည်း ချစ်ပါတယ်၊ သူတို့နဲ့ ကျွန်တော်က အသင်းအပေါ် ထားတဲ့စိတ်မှာ တူညီတဲ့ဘက်ကနေ အမြဲရှိနေပါတယ်။
ဒါပေမယ့် သူတို့အနေနဲ့ အသင်းရဲ့ အပြောင်းအလဲတွေကို တကယ်မြင်ချင်တယ် ဆိုရင်တော့ သူတို့ရဲ့ အားပေးမှုနဲ့ တွေးခေါ်ပုံတွေကို အများကြီး ပြောင်းလဲပစ်ဖို့ လိုပါတယ်။
ယူနိုက်တက်အသင်းဟာ အကောင်းဆုံးအနေအထားနဲ့ ထိပ်တန်းအဆင့် တစ်ခုမှာ ရှိနေရမှာဖြစ်ပေမယ့် မန်စီးတီး၊ လီဗာပူးလ် နဲ့ အခုလက်ရှိ အာဆင်နယ် အသင်းတို့လို ထိပ်တန်းအဆင့် တစ်ခုဆီ ကျွန်တော်တို့ ပြန်မရောက်နိုင် သေးတာဟာ အသင်းမှာဖြေရှင်းရမယ့် အကြောင်းတွေ ရှိနေလို့ပါပဲ။” လို့ ဆိုပါတယ်။

နည်းပြ တန်ဟတ်နဲ့ ပတ်သက်ပြီးတော့လည်း သူ့အပေါ်မှာ အပြန်အလှန် လေးစားမှု မပေးခဲ့တဲ့အတွက် ရော်နယ်ဒိုက သူ့ အနေနဲ့လည်း ဘာမှပိုပြီး လေးစားနေစရာ အကြောင်းမရှိဘူးလို့ အင်တာဗျူး အစီအစဉ်မှာ အားရပါးရ ပြစ်တင်ပြောဆို ခဲ့တာ ဖြစ်ပြီး မထူးဇာတ်ခင်းမယ့် ပုံစံမျိုး ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။
“သူ့ကို ကျွန်တော် လေးစားပြနေစရာ ဘာအကြောင်းမှ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ဘက်ကမှ ကျွန်တော့်ကို မလေးစားတာလေ၊ ကိုယ့်အပေါ် လေးစားမှု မရှိတဲ့သူ တစ်ယောက်ကို ကျွန်တော်က ဘယ်တော့မှ ပြန်ပြီး လေးစားမှာ မဟုတ်ပါဘူး။
အခု ယူနိုက်တက်ကနေ ကျွန်တော်ကို ထွက်သွားဖြစ်အောင်လုပ်နေတာက နည်းပြတစ်ယောက်ထဲ မဟုတ်နေဘူး၊ ကျွန်တော် အသင်းဆီပြန်ရောက်လာအောင် ရွေးချယ်ခဲ့မှုအတွက် သစ္စာဖောက်ခံရသလို ခံစားနေရတယ်။
ကျွန်တော်ကို ဒီမှာ ဆက်မရှိစေချင်တော့တဲ့ သူတွေရှိနေတယ်လို့လည်းခံစားနေရတယ်။ ဒါက မနှစ်ကတည်းက ဖြစ်နေတာ။” လို့ စီရော်နယ်ဒိုက ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူး အစီအစဉ်မှာ ပြောသွားခဲ့တာပါ။
နောက်ပြီး ဒီရာသီမှာ သူ့ရဲ့ လက်ရှိခြေစွမ်း နဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်နေးကိုလည်း ရော်နယ်ဒိုက ပြန် ဆော်လိုက်ပါသေးတယ်။
“သူက ကျွန်တော့်ကို ဘာကြောင့်များ ဆိုးဆိုးရွားရွားတွေ ဝေဖန်နေလဲတော့ မသိပါဘူး။ ဖြစ်နိုင်တာတစ်ခုက သူ ကစားသမားဘဝကနေ အနားယူချိန်မှာ ကျွန်တော်က ထိပ်တန်း အဆင့်တစ်ခုမှာ ကစားပြနေဆဲဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်က သူ့ထက် ပိုပြီး လန်းနေ တယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ဗျာ။ ဒါက အမှန်တရားပဲလေ” လို့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ် ရထားတဲ့ စီရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။