ရာသီဝက်မှာ အာဆင်နယ် ဦးဆောင်ထားပြီးနောက် ရာသီကုန်ရင် ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းလဲ မိုက်ကယ်အိုဝင် ခန့်မှန်း

အာဆင်နယ် အသင်းဟာ ကမ္ဘာ့ဖလား နားရက်ကာလ ပရီးမီးယားလိဂ်ရဲ့ ပထမရာသီဝက် အပြီး အမှတ်ပေးဇယား ထိပ်မှာ ငါးမှတ်အသာနဲ့ ဦးဆောနေပေမယ့်လည်း မိုက်ကယ်အိုဝင်က လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး ကသာ ရာသီကုန်မှာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထင်နေဆဲ ဖြစ်‌ကြောင်း ပြောလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ကွင်းလယ်လူ အိုဒီဂတ်ရဲ့ ဂိုးတွေနဲ့ အတူ ဝုဖ်ကို ၂-၀ နဲ့ အနိုင်ယူကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစား နိုင်ပွဲ ၁၂ ပွဲထိ ရယူနိုင်ခဲ့ပြီး ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံး တာထွက်ကို လုပ်ထားနိုင်ခဲ့ကာ စီးတီးထက် ငါးမှတ်အသာနဲ့ ဇယားကို ဦးဆောင်နေပါတယ်။

အိုဝင်က မန်ချက်စတာစီးတီးရဲ့ ရှုံးပွဲဟာ သူတို့ရဲ့ ဖလားပြိုင်ဘက်တွေကို မျှော်လင့်ချက်တွေ ပေးသလို ဖြစ်သွားတယ်လို့ ဆိုလိုက်ပေမယ့်လည်း အချိန်တန်ရင် စီးတီးပဲ လို့ ဆိုလိုက်ပါတယ်။

အိုဝင်က “အာဆင်နယ်ဟာ ဒီအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။ ဒီအချိန်မှာ လူတော်တော်များများက အာဆင်နယ်ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ထင်နေကြပါပြီ။ ကျနော်လည်း ဒီထဲက တစ်ယောက်ပါပဲ။

အာဆင်နယ်ဟာ ဒီဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ကျနော်တို့ စိတ်ထဲမှာ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပုံမှန် တိုးတက်လာခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ သူတို့ဟာ များစွာ တိုးတက် လာခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာစီးတီး ကသာ အကောင်းဆုံး အသင်းလို့ ကျနော် ယူဆနေဆဲပါ။ သူတို့ဟာ အမှတ်ပေးဖလား အတွက် ရေပန်း အစားဆုံး ဖြစ်နေဆဲလို့ ကျနော် ထင်ပါတယ်။

ဒါပေမယ့် ဘရန့်ဖို့ဒ်ကို မန်စီးတီးတို့ မထင်မှတ်ဘဲ ရှုံးနိမ့်သွားခဲ့ခြင်းဟာ ချန်ပီယံ လုပွဲ ကနေ ထွက်သွားပြီလို့ ထင်ခဲ့တဲ့ အသင်းတွေကို အနည်းငယ် မျှော်လင့်ချက် တိုးစေခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။