စီ ရော်နယ်ဒို က စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသင့်ပြီ လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက် တိုက်တွန်း

အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး အီယန်ရိုက်ကတော့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပြင်းထန်တဲ့ ဖိအားတွေ ခံစားနေရပုံ ရှိတာကြောင့် စိတ်ရောဂါ အထူးကုနဲ့ ပြကြည့်သင့်ကြောင်း တိုက်တွန်း သွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်သူ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ကို သစ္စာဖောက်ခဲ့ကြောင်း၊ သူက ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက် ကို လေးစားမှု မရှိကြောင်း စတဲ့ အချက်တွေကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့တာပါ။

ဂန်းနားဟောင်းကြီး အီယန်ရိုက်ကတော့ ရော်နယ်ဒို တယောက် အခုလိုမျိုး သူ့ကို ဝေဖန်ခဲ့ကြသူတွေ အားလုံးကို ဒေါသတကြီး ခွန်းတုံ့ပြန်ခဲ့မှုက ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမား ဘဝ နေဝင်ချိန်ကို လက်ခံနိုင်ခြင်း မရှိသေးတာကြောင့် ဖြစ်မယ်လို့ သုံးသပ်သွားခဲ့တာပါ။

သူ့တုန်းကလည်း ရိုနယ်ဒိုလို ဖြစ်ခဲ့ဖူးတာကြောင့် ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ ခံစားချက်တွေကို စိတ်ရောဂါ အထူးကု တဦးဆီ ပြောပြကာ လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ကြောင်း ရိုက်က ဆိုလိုက်ပါတယ်။

အီယန်ရိုက်က “ရော်နယ်ဒိုရဲ့ အောင်မြင်မှုတွေ၊ သူ လုပ်ပေးခဲ့တဲ့ အရာတွေကြောင့် ရိုနယ်ဒို တယောက် အခုလိုမျိုး ယူနိုက်တက်ကို ပြန်လည် ဝေဖန်နေတာကို ကြည့်ရတာဟာ အတော်လေး ဝမ်းနည်းဖို့ ကောင်းပါတယ်။

ရော်နယ်ဒို က အခုချိန်အထိ သူဟာ ကစားသမား ဘဝ အဆုံးသတ်ရမယ့် အချိန်ကို ရောက်နေပြီ ဆိုတဲ့ အချက်ကို လက်မခံနိုင်သေးပါဘူး။ ကျွန်တော့်တုန်းကလည်း အဲ့ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက အချိန်တန်ရင် ကစားသမားတိုင်း ကြုံတွေ့ရမယ့် အရာပါ။

ပြီးတော့ ရော်နယ်ဒို က သူ့ရဲ့ ဘဝမှာ ဒီလိုအထိ ပြင်းထန်တဲ့ ဝေဖန်မှုမျိုးတွေနဲ့ မကြုံခဲ့ရပါဘူး။ ဒါကြောင့် အခုလိုမျိုး ဝေဖန်သံတွေ တောက်လျှောက် ကြားလာရချိန်မှာ သူက ခက်ခဲလာပါတယ်။

ကျွန်တော်ကတော့ သူ့ကို ဒီလို အခြေအနေတွေကို သေချာ ကိုင်တွယ်နိုင်တဲ့ အထူးကု ဆရာဝန် တယောက် ယောက်နဲ့ ပြသသင့်တယ်လို့ အကြံပေးချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။