ဖာဒီနန်၊ တယ်ရီတို့ထက်သာတယ် ချီးကျူးခံရတဲ့ မက်ဂွိုင်းယား၊ ဒိုလေးကို မခေါ်ဘူး ငြင်းတဲ့ စပို့တင်း၊ ထပ်ထွက်လာတဲ့ အင်တာဗျူးများနဲ့ ယနေ့ မန်ယူ သတင်းတိုများ
ပေါ်တူဂီထိပ်တန်းကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဗာရန်းဒက်စ်ကတော့ သူတို့အသင်းဟာ ယခုရက်ပိုင်း အတွင်းမှာ သတင်းတွေ ထွက်ပေါ်နေသလို အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ပြန်လည် ခေါ်ယူဖို့ စိတ်ကူးမရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတိအလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရီယိုဖာဒီနန် နဲ့ ဂျွန်တယ်ရီ တို့ထက် ပိုမို အောင်မြင်တဲ့သူလို့ TalkSPORTမှ ဂျေမီအိုဟားရားက ဆိုလိုက်ပါတယ်။ မက်ဂွိုင်းယားဟာ လာမည့် ကာတာ ကမ္ဘာ့ဖလား အတွက် ဂါရက်ဆောက်ဂိတ်ရဲ့ ၂၆ ဦး လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က လက်ရှိ အသင်းမှ ဗဟို ခံစစ် ကစားသမား ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ်ကို ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ နီမန်ဂျာ ဗီဒစ် နဲ့ ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက်ပါတယ်။
ဟိုဆေး မော်ရင်ဟိုရဲ့ လက်ထောက်အဖြစ်နဲ့ ရော်နယ်ဒို ကို နည်းပြခဲ့ဖူးတဲ့ ဟိုဆေး မော်ရီးယပ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ရဲ့ အရည်အသွေးတွေ အပေါ် မေးခွန်းထုတ်သွားခဲ့လိုက် ပါတယ် ။

ရော်နယ်ဒိုရဲ့ အင်တာဗျူး ဗီဒီယိုတွေက ဆက်လက် ထွက်ပေါ်လာနေပြီး ပေါ်တူဂီသားဟာ မန်ယူ အကယ်ဒမီ ကစားသမားတွေတင်မက ဘောလုံးကမ္ဘာက လူငယ် ကစားသမားတွေဟာ သူတို့ ခေတ်နဲ့ မတူဘဲ နည်းပညာတွေ တိုးတက်လာပြီး အာရုံပြန့်လွင့်စရာလည်း များတာကြောင့် သူ့လို အသက် ၃၆၊ ၃၇ ထိ ကစားသွားကြဖို့ ခဲယဉ်းမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လက်ရှိ အသင်းက သဘောအကျဆုံး ကစားသမားတွေ အဖြစ်လည်း ဒီယေဂို ဒါလော့၊ မာတီနက်ဇ်နဲ့ ကာဆီမီရို တို့ကို ရော်နယ်ဒိုက ရွေးထုတ် ချီးကျူးခဲ့ပါတယ်။
ဒါ့အပြင် တိုက်စစ်မှူး စီ ရော်နယ်ဒိုက မန်ယူအသင်းအနေနဲ့ အသင်းနည်းပြ ဟောင်း ဆိုးလ်ရှားကို စာချုပ်သစ်ချုပ်ပြီး ၄လအကြာမှာ ရာထူးက ထုတ်ပယ်ပစ်လိုက်မယ့် အစား အချိန်တစ်ခု ပိုပေးသင့်ခဲ့တယ်လို့ ဆိုသွားခဲ့ပါတယ်။