ရော်နယ်ဒို က နာကျင် အမျက်ထွက်နေလို့ ဒီအင်တာဗျူးကို လုပ်ခဲ့တာ လို့ ဖေးမ ကာကွယ်သွားတဲ့ အီဗရာ

သရဲနီဟောင်းကြီး ပက်ထရစ် အီဗရာက ပြီးခဲ့တဲ့ ရက်ပိုင်းက ခရစ်စတီယာနိုရော်နယ်ဒို အင်တာဗျူး လုပ်ခဲ့တဲ့ အကြောင်းရင်းကို သုံးသပ်ရင်း ဖေးမ စကား ဆိုလိုက်ပါတယ်။

စီ ရော်နယ်ဒို ရဲ့ ပီယာမော်ဂန်စ်နဲ့ အင်တာဗျူး ထွက်ပေါ်လာပြီးတဲ့နောက် လူတော်တော်များများက ပေါ်တူဂီ တိုက်စစ်မှုးဟာ ကလပ် အတွက် နောက်ဆုံးပွဲကို ကစားပေးခဲ့ပြီးပြီလို့ ယူဆထားခဲ့ကြပါတယ်။

ဒီအင်တာဗျူးကြောင့် ရော်နယ်ဒိုဟာ ဒီရက်ပိုင်းမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရရှိနေပြီး အီဗရာ ကတော့ သူ့အနေနဲ့ ရော်နယ်ဒိုနဲ့ ပက်သက်ပြီး စာနာမိတယ်လို့ ဆိုသွားခဲ့ကာ နာကျင်မှု နဲ့ ဒေါသထွက်မှုတွေကြောင့် ဒီလို အင်တာဗျူးကို လုပ်ခဲ့တာလို့ ပြောလိုက်ပါတယ်။

အီဗရာက “အခုချိန်ဟာ ရော်နယ်ဒို အတွက် တကယ့်ကို နိမ့်ကျနေတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ သူ့ရဲ့ attitude နဲ့ ပက်သက်ပြီး ဝေဖန်နေတဲ့လူတွေ အများအပြား ရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ လူသားတွေပဲ မဟုတ်လား။ အမှားတွေ လုပ်တက်ကြပါတယ်။

ကျွန်တော် ဘယ်သူ့ကိုမှ ကာကွယ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ ရင်ထဲမှာ နာကျင်တဲ့ အခါမှာတော့ အမှားတွေ လုပ်တက်ကြပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိ အချိန်မှာ ကာတာ ကမ္ဘာ့ဖလား အတွက် ပေါ်တူဂီ အသင်းနဲ့ အတူ ပြင်ဆင်လျက် ရှိနေပြီး အီဗရာက

“ကျွန်တော် ကတော့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဒီအခွင့်အရေးကို အသုံးချကာ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဆိုတာကို ပြသသွားလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ဆုံး ပွဲစဉ်မှာ သူဟာ ကိုယ့်ပရိတ်သတ်တွေရဲ့ boo လုပ်တာကို ခံခဲ့ရပြီး ဒါဟာ သူ့ကို တကယ် နာကျင်စေမှာပါ။

ရော်နယ်ဒို အနေနဲ့ အသင်းအကြောင်းကို အရင် တွေးဖို့ လိုပါတယ်။ သူတို့ဟာ တောင့်တင်းတဲ့ လူစာရင်း ရှိနေကာ ပေါ်တူဂီဟာ လူတွေကို အံ့အားသင့်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ဆိုလိုက်ပါတယ်။