စပါးနဲ့ ပွဲတုန်းက လူစားဝင် ကစားဖို့ ငြင်းပြီး ပြန်သွားတာ နောင်တ မရကြောင်း ရော်နယ်ဒို ထုတ်ဖော် ရှင်းလင်း
ခရစ္စတီယာနို ရော်နယ်ဒိုဟာ စပါးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ လူစားဝင် မကစားဘဲ ပွဲမပြီးခင် ကွင်းထဲက ထွက်သွားခဲ့တဲ့ အပေါ် နောင်တမရကြောင်း၊ နည်းပြ က သူ့ကို ဒီလို အခြေအနေ တွန်းပို့ခဲ့တာဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
ရော်နယ်ဒို က ထိုသို့ အငြင်းပွားဖွယ် ကွင်းထဲကနေ မထွက်သွားခင် နည်းပြ အဲရစ် တန်ဟက်က ရန်စသလို ခံစားခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီ့ပွဲမှာ နောက်ကျ လူစားဝင်ကစားဖို့ ငြင်းဆိုခဲ့တဲ့ ရော်နယ်ဒိုဟာ ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အဲ့ဒီ့အတွက် သူ့ရဲ့ အကြောင်းပြချက်ကို ရှင်းပြခဲ့ပါတယ်။

“ပီးယာ့စ်၊ ခင်ဗျားကို ကျွန်တော် ရိုးရိုးသားသားပြောမယ်။ ဒါက ကျွန်တော် ကွင်းထဲကနေ ထွက်ခွာခဲ့တဲ့အတွက် နောင်တရမိပါတယ်။ ဖြစ်နိုင်တာ, မဖြစ်နိုင်တာ ကျွန်တော်မသိဘူး။ ၁၀၀ ရာခိုင်နှုန်း ခင်ဗျားကို ပြောပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် နောင်တရတယ်လို့ပဲ ပြောကြရအောင်။
ဒါပေမယ့် အလားတူပဲ ကျွန်တော် အဲ့ဒီ့လိုလုပ်ဖြစ်အောင် နည်းပြက တွန်းပို့ခဲ့တာပါ။ အရာအားလုံးကို လိုချင်တဲ့ ထိပ်တန်းကစားသမားတွေ၊ အဓိက ကစားသမားတွေက ၃မိနစ်လောက် ကစားချိန်ကို လိုချင်လိမ့်မယ်လို့ ထင်နေတာလား။ ဒါက လက်မခံနိုင်စရာပဲလေ။
သူတို့ပြောတော့ ကျွန်တော့်ကို လေးစားတယ်၊ လေးစားတယ်ဆိုပြီး အဲ့လိုမျိုး လုပ်တယ်။ ကျွန်တော့်အတွက်တော့ အဲ့ဒါက လေးစားတာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကျွန်တော် နောင်တရလောက်တဲ့ ဆုံးဖြတ်ချက်ကို ချမိလိုက်တာပါ။
အဲ့ဒီ အခြေအနေအတွက် အသင်းဖော်တွေကို ကျွန်တော် တောင်းပန်ခဲ့တယ်။ နောင်တရတဲ့အကြောင်း အင်စတာ ဂရမ်မှာ ပို့စ်တင်ခဲ့တယ်။ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ အသင်းဖော်တွေသိပါတယ်။
ကျွန်တော် သူတို့ကို တောင်းပန်စကားပြောခဲ့တယ်။ ဒါပေမယ့် လူစား မဝင်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက်တော့ နောင်တ မရပါဘူး” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
အသက် ၃၇နှစ် အရွယ် ကစားသမားရဲ့ ပွဲဆူစရာ အင်တာဗျူးဟာ ကလပ်အပေါ် သက်ရောက်မှုတွေ ရှိနေခဲ့ပါတယ်။ စီ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအတွက် အာရုံစိုက်ထားတယ်ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာရင်တော့ အကျိုးဆက်တွေကို ပြန်လည် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။