ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ရဖို့ ရေပန်းစားနေတဲ့ ထိပ်တန်း တိုက်စစ်မှုးများ
လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာတော့ ဘယ်သူက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ရွှေဖိနပ် ဆု အတွက် ရေပန်းစားနေတဲ့ ထိပ်တန်း တိုက်စစ်မှုးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၅။ နေမာ (ဘရာဇီးလ်)
ဘရာဇီးလ်အသင်းရဲ့ တိုက်စစ်မှာ ပင်နယ်တီကို ဒိုင်ခံကန်လေ့ရှိတဲ့အပြင် သူ့ရဲ့ အရှိန်အဝါကို ဘယ်သူမှ မကျော်နိုင်တဲ့ နေမာဟာ သူ့ရဲ့ ၇၅ဂိုးမြောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲက တူနီးရှားနဲ့ ခြေစမ်းပွဲမှာ သွင်းယူနိုင်ခဲ့ပြီး လက်ရွေးစင် အသင်းမှာ ပီလီရဲ့ ထာဝရ ဂိုးသွင်းအများဆုံး စံချိန် ၇၇ ဂိုးကို လိုက်မီဖို့ ဒီကမ္ဘာ့ဖလားမှာ ဆန္ဒပြည့်ဝသွားနိုင်မယ်လို့ တစ်ပေးနေကြပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်မှာ ၄ ဂိုးနဲ့ ၂ ဂိုး အသီးသီး သွင်းယူနိုင်ခဲ့တဲ့ နေမာအနေနဲ့ သူ့ရဲ့ ခြေစွမ်း အမြင့်ဆုံးအချိန်မှာ ရွှေဖိနပ်ဆုကို စိန်ခေါ်နိုင်မလားတော့ စောင့်ကြည့်ရမှာပါ။
၄။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)

မက်ဆီရဲ့ အသက်အရွယ်ကြောင့်နဲ့ သူ့ရဲ့ တိုက်စစ်မှာ တစ်ဦးတည်း ရုန်းနေရပြီး ဖန်တီးမှုတွေအတွက်ပါ တာဝန်ရှိနေတဲ့ ပုံစံအရ အမြင့်ဆုံး အလေးပေးမှုကိုတော့ မရရှိနိုင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းနဲ့အတူ နောက်ဆုံးကစားမယ့် ကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် အသက် ၃၅ နှစ်အရွယ် GOAT အနေနဲ့ သူ့ရဲ့ တစ်ကိုယ်တော် အောင်မြင်မှုထက် အသင်းလိုက် အောင်မြင်ဖို့ ဘယ်သူဂိုးသွင်းသွင်း ဖန်တီးမှုတွေကို ပိုမိုပြုလုပ်ပေးဖို့ များနေနိုင်ပါတယ်။
ကမ္ဘာ့ဖလား ၄ ကြိမ်မှာ ၂၀၁၄ ပြိုင်ပွဲမှာ ရခဲ့တဲ့ ၄ ဂိုးကလွဲရင် ကျန်သုံးကြိမ်မှာ တစ်ဂိုးစီ သွင်းနိုင်တာက တစ်ကြိမ် စီသာ ရှိပြီး ၂၀၁၀ မှာ ဂိုးမရခဲ့ဖူးလို့ အာဂျင်တီးနားတို့ အောင်မြင်ရင်တောင် မက်ဆီက ဂိုးသွင်းဘုရင်ဆုအတွက် ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ ၅ ဂိုးပမာဏထိ ပြည့်မီပါ့မလားတော့ စဉ်းစားစရာပါ။
၃။ ကာရင်မ် ဘင်ဇီးမား (ပြင်သစ်)
ပြင်သစ်အသင်းရဲ့ ဂိုးသွင်းမုဆိုးဟာ ဘယ်လွန်ဒေါဆုကို ရယူနိုင်ခဲ့အပြီးမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူလည်း ဖြစ်ပါတယ်။ အပြာရောင် အသင်းအတွက် ၉၇ ပွဲမှာ ၃၇ ဂိုး ရရှိထားခဲ့ပြီး အသက်ကြီးမှ ကံပေါ်နေတဲ့ သူ့ကို ကာတာမှာ ဂိုးသွင်းဘုရင် ဖြစ်လာနိုင်ဖို့အတွက် အသင်းဖော် ခီလီယန် အမ်ဘာပေက လိုက်လျောဖို့ လိုမယ်လို့လည်း ခန့်မှန်းနေကြတာပါ။

၂။ ခီလီယန် အမ်ဘာပေ (ပြင်သစ်)
အမ်ဘာပေကတော့ ဒီရာသီ ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၁၉ ဂိုးသွင်းယူထားပြီး တစ်ပွဲကို တစ်ဂိုးနှုန်းနီးပါး မှတ်တမ်း တင်ထားနိုင်သလို ပြင်သစ်အသင်း အတွက်တော့ ၅၉ ပွဲမှာ ၂၈ ဂိုးနဲ့ နှစ်ပွဲကို တစ်ဂိုးနီးပါး ရရှိထားတာပါ။
ပြင်သစ်အသင်းက လက်ရှိခြေအနည်းငယ်ကျနေတာကို ဆွဲတင်နိုင်ဖို့ လိုအပ်နေပြီး နည်းပြ ဒတ်ချမ့်ရဲ့ အချိန်မီ ပြင်ဆင်နိုင်စွမ်းကို စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ဝါရင့်ကြီး ဘင်ဇီးမားနဲ့ အသင်းဖော်ချင်း ယှဉ်ပြိုင်ရမယ့် ရွှေဖိနပ်ဆုအတွက် အမ်ဘာပေတစ်ယောက် ခရီးပေါက်နိုင်ပါ့မလားကတော့ စောင့်ကြည့်ရဦးမှာပါ။
၁။ ဟာရီကိန်း (အင်္ဂလန်)

တိုက်စစ်မှာ သူမှ မသွင်းရင် ဂိုးရဖို့ နည်းတာ၊ အင်္ဂလန်ဟာ ပင်နယ်တီတွေ ရှာဖွေတတ်တဲ့ အသင်းမျိုးဖြစ်နေတာနဲ့ တောင်ပံတိုက်စစ်သမားတွေ ဖန်တီးမှု မြင့်မားတာတွေက ဟာရီကိန်းကို ကာတာရွှေဖိနပ်အတွက် အလေးပေးမှုမှာ ထိပ်ဆုံးကို ရောက်ရှိနေစေပါတယ်။
ဘယ်ခြေညာခြေ မရွေးဘဲ ဂိုးသွင်းနိုင်ပြီး အင်္ဂလန်အသင်းနဲ့ ၇၅ ပွဲမှာ ၅၁ ဂိုးအထိ ရရှိထားတဲ့ ဂိုးသွင်းနှုန်း မြင့်မားမှုတွေက ၂၉ နှစ်သားရဲ့ အင်အားကို ညှစ်အထုတ်နိုင်ဆုံးအရွယ်မှာ စောင့်ကြည့်ရစေမှာဖြစ်သလို ဘယ်သူမှ မလုပ်နိုင်သေးတဲ့ ရွှေဖိနပ်ကို တစ်ကြိမ်ထက်ပိုပြီး ရယူနိုင်ဖို့နဲ့ နှစ်ကြိမ်ဆက် ဗိုလ်ဝင်ခံနိုင်ဖို့အတွက် အားသာချက်တွေဖြစ်နေပေမယ့် သူ့အသင်းနည်းပြ ဆောက်ဂိတ်ပဲ မဟုတ်တာတွေ မလုပ်ဖို့ ဆုတောင်းရမှာပါ။
ဒီပြိုင်ပွဲရဲ့ တခြားနာမည်ကြီး တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါ်တူဂီ)နဲ့ သောမတ်စ် မူလာ (ဂျာမနီ)တို့ကိုလည်း စောင့်ကြည့်ရမှာဖြစ်သလို ကျန်တဲ့ နိုင်ငံကြီး မဟုတ်တဲ့ ဒုတိယတန်းစား အသင်းတွေဆီက နာမည်ကြီးတိုက်စစ်မှူးတချို့ကိုတော့ ကိုလံဘီယာသား ဟားမက်စ်တုန်းကလိုမျိုး မထင်မှတ်တာများ လုပ်ပြနိုင်မလားတော့ စောင့်ကြည့်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။