စောစီး ရှုံးတဲ့ ဘယ်လ်ဂျီယံ၊ မန်ယူက နှင်တာ ခံလိုက်ရတဲ့ ရော်နယ်ဒို၊ စံချိန်သစ်တင်တဲ့ ဘာစီလိုနာနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မနေ့ညက ကစားတဲ့ ကမ္ဘာ့ဖလား အကြို ခြေစမ်းပွဲမှာ ဘယ်လ်ဂျီယံအသင်း ဟာ အီဂျစ် အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်သွား ခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် ကို ၂ ရက် ဆက်တိုက် မပါဝင်တာကြောင့် အီရန် နဲ ကစားမယ့် ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် ကို လွဲချော်မယ်လို့ ယူဆလာကြပါတယ်။
မက်ဒီဆင် ကြံ့ခိုင်မှု အခြေအနေ မဟန်တာကြောင့် နည်းပြ ဆောက်ဂိတ်ဟာ လီဗာပူး လူငယ် ဟာဗေး အီးလီးယော့ ကို ခေါ်ယူဖွယ် ရှိကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ စီ ရော်နယ်ဒို ကို စာချုပ် ဖျက်သိမ်းဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးရင်လည်း အသင်းထံ ပြန်မလာဖို့ ကစားသမားထံ အသိပေးထားကြောင်း သိရပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဟာလည်း မနေ့က လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် အာဂျင်တီးနား အသင်းဘက်ကတော့ မက်ဆီ မှာ ဒဏ်ရာ ရရှိ မနေကြောင်း ထုတ်ဖော်ပြောဆို ထားပါတယ်။
နယ်သာလန် ထိပ်သီး အိုင်ယက်စ် အသင်းရဲ့ CEO ဗန်ဒါဆား က မန်ချက်စတာ ယူနိုက်တက် ဒါရိုက်တာ ရာထူး အတွက် ရေပန်းစားနေမှုကို ငြင်းဆို ခဲ့ပြီး သူဟာ အေဂျက် နဲ့ မကြာသေးခင်ကမှ ၃ နှစ် သက်တမ်း တိုးထားသူ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဟာ သူတို့ရဲ့ လူငယ် ကြယ်ပွင့်လေး အယ်လီဂျန်ဒရို ဂါနာချို ကို ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ ခေါ်ဆောင်ပေးဖို့ အာဂျင်တီးနား နည်းပြ စကာလိုနီ ကို တောင်းဆို ခဲ့ကြတယ်လို့ သိရ ပါတယ်။

ဂါနာချို ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နိုဝင်ဘာလ အတွက် တလတာအကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။
စပိန် လက်ရွေးစင် အသင်းကတော့ ဟိုဆေး ဂါယာ ဒဏ်ရာ ရရှိ သွားတဲ့ အတွက် ဘာစီလိုနာ နောက်ခံလူ အဲလီဂျန်ဒရို ဘယ်လ်ဒီ ကို အစားထိုး ခေါ်ယူ သွားခဲ့ ပါတယ်။
ဒါကြောင့် ဘာစီလိုနာ ဟာ ကာတာ ကမ္ဘာ့ဖလား ကို ကစားသမား ၁၇ ယောက် အထိ စေလွှတ် ခဲ့ရပြီး ကမ္ဘာ့ဖလား သမိုင်းမှာ ကလပ် တသင်းတည်းက အရေအတွက် အများဆုံး စေလွှတ်ရမှု အဖြစ် စံချိန်သစ် ရရှိ သွားခဲ့ ပါတယ်။
အာဆင်နယ်၊ မန်စီးတီး နဲ့ လီဗာပူး နောက်ခံလူဟောင်း ကိုလို တိုရေး ဟာ ချန်ပီယံရှစ် ကလပ် ဝီဂန် အသင်း ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ် ခံရတော့မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။