လက်ရှိ အာဆင်နယ်ရဲ့ အဓိက အသင်းသား ဖြစ်ပေမယ့် တချိန်က မန်ယူ အကြိမ်ကြိမ်ငြင်းတာ ခံခဲ့ရတဲ့ မာတင်နယ်လီ
အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် မာတင်နယ်လီက မန်ချက်စတာ ယူနိုက်တက်မှာ သူ အစမ်း သွားရောက် ကစားမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးမှ ငြင်းပယ်ခံရပြီး လမ်းပျောက်ခဲ့ရတဲ့အကြောင်းတွေကို ထုတ်ဖော် ပြောပြလာခဲ့ပါတယ်။
ဘရာဇီးသားဟာ ၂၀၁၅ခုနှစ်က မန်ချက်စတာကိုလာခဲ့သလို နောက်၂နှစ်အတွင်းမှာလည်း အကြိမ်ပေါင်းများစွာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းလာရောက်စမ်းသပ်ခံခဲ့ပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဘက်က စိတ်ဝင်စားခြင်း မရှိခဲ့တာကြောင့် မာတင်နယ်လီဟာ ဘရာဇီးကို ပြန်လာခဲ့ပြီး အီတူအာနိုနဲ့ ပရောက်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာတော့ အာဆင်နယ်က မာတင်နယ်လီကို ပေါင် ၆သန်း တည်း နဲ့ ဝယ်ယူခဲ့ပါတယ်။

မာတင်နယ်လီက ” မန်ချက်စတာ ယူနိုက်တက်မှာ အစီအစဉ်တစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီမှာ ခြေစွမ်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါက အလုပ်မဖြစ်ခဲ့ပေမယ့် ကျွန်တော် ၄၊ ၅ခါလောက် သွားခဲ့ပါသေးတယ်”
“ယူနိုက်တက်က ဘရာဇီးမှာ ကင်းထောက်အချို့ရှိပြီး သူတို့က ကျွန်တော်ကစားတာကို တွေ့ခဲ့ကာ အဖေနဲ့ ဆွေးနွေးပြီး လေ့ကျင့်ခန်း ဆင်းခွင့်ရခဲ့ပါတယ်”
“ဒီတစ်ကြိမ်မှာတော့ ပေါ့ဂ်ဘာ၊ နောက်တစ်ကြိမ်မှာတော့ အီဘရာဟီမိုဗစ်နဲ့ တွေ့ခဲ့ပါတယ်။ ဒါက ကျွန်တော် ၃ကြိမ်မြောက်သွားခြင်းဖြစ်ပြီး သူတို့လိုချင်ရင် ပြောင်းလာမယ်ဆိုပြီး စဉ်းစားခဲ့ပါတယ်။
အသက် ၁၇နှစ် အရွယ်မှာ ကျွန်တော် ယူနိုက်တက်ကို နောက်ဆုံးအကြိမ်သွားခဲ့ပြီး ဘရာဇီးကို ပြန်လာခဲ့ပါတယ်။ သူတို့က ကျွန်တော့ကို မလိုချင်ဘူးလို့ ပြောတာကြောင့် အိမ်ကို ပြန်လာရပါတယ်”
“အဲ့ဒါက အရမ်းအရေးကြီးတယ်ထင်ပါတယ်။ ကျွန်တော် ငြင်းခံရပေမယ့် ဒီမှာ ဘောလုံးလောက ဘယ်လို လုပ်တယ် ဆိုတာ သိသွားပါတယ်။ အဲ့ဒီနောက်တော့ ကျွန်တော် အာဆင်နယ်ကို ရောက်လာတဲ့အခါ အဲ့ဒီမှာ အသားကျခဲ့ပါတယ်။ ဒီက ယဉ်ကျေးမှုနဲ့ အလုပ်လုပ်ပုံကို ကျွန်တော် သိထားပြီးပြီလေ”လို့ ပြောဆိုခဲ့ပါတယ်။
အခုအချိန်မှာတော့ မာတင်နယ်လီဟာ အာဆင်နယ်အသင်းရဲ့တောင်ပံမှာ အဓိက ကစားသမားအဖြစ် ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။