ရော်နယ်ဒို မန်ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းရင် သဘောထား ပြောင်းတော့မယ့် ချဲလ်ဆီးအသင်း
ချဲလ်ဆီး အသင်းဟာ မန်ချက်စတာယူနိုက်တက်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့မယ်ဆိုရင် ခေါ်ယူသွားဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးက ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းနဲ့ နည်းပြတန်ဟက်ကို ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်ပိုင်း အရေးယူဖို့ စတင် လုပ်ဆောင်နေပြီလို့ ဆိုထားပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေပြီး အသင်း ရှေ့နေတွေဟာ တစ်ပတ် လုပ်ခလစာ ပေါင် ၅ သိန်းကျော် တန်ကြေးရှိတဲ့ စာချုပ်ကို ပေါ်တူဂီကြယ်ပွင့်က ချိုးဖောက် ခဲ့တယ်လို့ ယူဆဖို့ လုံလောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသာ ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ အင်္ဂလန် သတင်းတွေ က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်တဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြောကြားပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကို ပြောင်းရွှေ့သွားမှာကို မလိုလားခဲ့တာ ဖြစ်ပါတယ်။
မော်ဂန်နဲ့ အင်တာဗျူးမတိုင်ခင်ကတည်းက ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ကြားမှာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကျရင် ပြည်ပကလပ်အသင်းတွေက ကမ်းလှမ်းလာရင် ထွက်ခွာခွင့်ပြုသွားဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ စာချုပ်ကို မန်ချက်စတာယူနိုက်တက်က ဖျက်သိမ်းမယ်ဆိုရင်တော့ ပေါ်တူဂီတိုက်စစ်မှူးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တော့မှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းက အလွယ်တကူ ခေါ်ယူသွားနိုင်တဲ့ အခွင့်အရေး ရရှိတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရော်နယ်ဒိုကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်ရဲ့ ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလီက စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရောက်ချင်း ဘလွန်းဒီအော ၅ ဆုရှင်ကို ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီတုန်းက နည်းပြဖြစ်တဲ့ သောမတ်စ် တူချယ်က ရော်နယ်ဒိုကို ခေါ်ယူမှာ အပြင်းအထန် ကန့်ကွက်ခဲ့တာကြောင့် ခေါ်ယူခဲ့ခြင်း မရှိခဲ့တာပါ။
လက်ရှိ နည်းပြသစ်ဖြစ်တဲ့ ဂရေဟမ် ပေါ်တာ ကလည်း ဂျာမန်လူမျိုးနည်းပြလိုပဲ ပေါ်တူဂီကြယ်ပွင့်ရဲ့ အသင်း အဝတ်လဲခန်းထဲက အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။