ကမ္ဘာ့ဖလား အုပ်စု ဒုတိယနေ့ ပွဲများ၊ မန်ယူနဲ့ စာချုပ်ဖျက်လိုတဲ့ TeamViewer၊ ကိန်းနဲ့ ဘေးလ် ပြောခံရခြင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မနေ့က ကစားသွားတဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ မှာတော့ အင်္ဂလန် နဲ့ နယ်သာလန် တို့ နိုင်ပွဲကိုယ်စီနဲ့ စဖွင့် နိုင်ခဲ့ပြီး ဝေးလ် နဲ့ အမေရိကန် တို့ပွဲကတော့ အခု ကမ္ဘာ့ဖလား ရဲ့ ပထမဆုံး သရေပွဲ ဖြစ်လာခဲ့ ပါတယ် ။
အင်္ဂလန် ဟာ အီရန် ကို ၆-၂ ရလဒ် နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဆာကာ ၊ ရက်ဖိုဒ့် ၊ စတာလင် ၊ ဂရီလစ်ရှ် ၊ ဘယ်လင်ဂမ် တို့က ဂိုးတွေ သွင်းပေးခဲ့ကြ ပါတယ်။
နယ်သာလန် ကတော့ ဆီနီဂေါ ကို အကျိတ်အနယ် ကစားခဲ့ရပြီး ပွဲပြီးခါနီးမှ ဂိုးတွေ ရခဲ့ကာ ၂-၀ နဲ့ ပိတ်သိမ်း နိုင်ခဲ့ ပါတယ်။
ဖီဖာ ရဲ့ ဖိအားပေးမှုကြောင့် အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဟာ မူလ စီစဉ်ထားတဲ့ သက်တန့်ရောင် လက်ပတ်ကို ဝတ်ဆင် မကစားခဲ့ပါဘူး ။ ဒါပေမယ့် ဘီဘီစီ သတင်းဌာန ရဲ့ တင်ဆက်သူ အဲလက်စ် စကော့ ကတော့ မနေ့ညက ပွဲမှာ အင်္ဂလန် ရဲ့ သူရဲကောင်း ဖြစ်ခဲ့ပြီး ကွင်းထဲကို သက်တန့်ရောင် လတ်ပတ် ဝတ်ဆင်ကာ ဝင်ရောက် တင်ဆက်သွားခဲ့ ပါတယ်။

ရွိုင်ကင်း ကတော့ သက်တန့်ရောင် လက်ပတ်ကို မဝတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အသင်းခေါင်းဆောင်တွေကို ဝေဖန်ခဲ့ပြီး ဘေးလ်၊ ဟယ်ရီကိန်း တို့ဟာ အဝါကတ် ကို ရင်းပြီး သူတို့ရဲ့ LGBT ထောက်ခံမှု ကို ရပ်တည်ပေးခဲ့ သင့်တယ်လို့ ပြောဆို သွားခဲ့ပါတယ် ။
ပေါ်တူဂီ နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဆိုရှယ် မီဒီယာ ပလက်ဖောင်း တခု ဖြစ်တဲ့ အင်စတာဂရမ် မှာ ပရိသတ် သန်း ၅၀၀ ပြည့်တဲ့ ပထမဆုံး အသုံးပြုသူ ဖြစ်လာခဲ့ ပါတယ် ။

ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အင်တာဗျူးမှာ ဖွင့်ချ ခဲ့လို့ ဝေဖန် ခံခဲ့ရပေမယ့် ပရိသတ် အရေအတွက် လျော့မသွားဘဲ ကမ္ဘာ့လွှမ်းမိုးမှု အကြီးဆုံး လူသား တယောက် ဖြစ်ကြောင်း ဆက်လက် သက်သေပြနေခဲ့ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ဂျာစီ စပွန်ဆာ ဖြစ်တဲ့ TeamViewer ဟာ သူတို့ရဲ့ ပေါင် ၂၃၅ သန်းတန် စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းဖို့ စိတ်ကူးနေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ်။
လိုက်ပ်ဇစ် ရဲ့ ပြင်သစ် တိုက်စစ်မှူး ခရစ်စတိုဖာ အန်ကွန်ကူ ဟာ လာမယ့် နွေရာသီမှာ ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ ထပ်မံ အတည်ပြု သတင်း ထွက်လာခဲ့ ပါတယ်။