မန်ယူနဲ့ လမ်းခွဲလိုက်တဲ့ ရော်နယ်ဒို ကို ခေါ်ဖို့ မထင်မှတ်တဲ့ ပရီးမီးယားလိဂ် ဖျက်မြင်းအသင်း ကြိုးစားလာ
ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ နယူးကာဆယ်က မနေ့ညကပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို က လက်ရှိမှာ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေပေမယ့် ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူးကြောင့် အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။

ရော်နယ်ဒို က ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့ကို သစ္စာဖောက်တွေ လို့ ဝေဖန်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်က ပြိုင်ဘက်တွေရဲ့ အနောက်မှာ ကျန်နေခဲ့ကာ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကိုလည်း မလေးစားဘူးလို့ အတိအလင်း ထုတ်ပြောခဲ့ပါတယ်။
အဲ့ဒီ အင်တာဗျူးကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရော်နယ်ဒိုကို စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်မှုနဲ့ စာချုပ် ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ပြီး ရော်နယ်ဒိုကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမယ့် အစီအစဉ်ကို သဘောတူခဲ့ပါတယ်။
ဒါကြောင့် ယနေ့မနက် အစောပိုင်းမှာပဲ ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းကာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်လာပြီး ရော်နယ်ဒိုကို ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တချို့က အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ထံ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်။
နာမည်ကြီး စပိန်သတင်းထောက် ဖိလစ် ဒီယက်ဇ်ရဲ့ ဖော်ပြချက်တွေအရ လက်ရှိအချိန်မှာ နယူးကာဆယ်နဲ့ ဆော်ဒီ ကလပ် တခု ဖြစ်တဲ့ အယ်နက်ဆာတို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး ရော်နယ်ဒို ကလည်း ထို ၂သင်းထဲက ၁သင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။